ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

ရသေ့တောင်   ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအနက် မည်သည့်အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားကိုမဆို နှစ်ကြိမ် (သို့) သုံးကြိမ်ထိုးနှံထားပြီးသူများကို MyanCopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ထပ်ဆောင်းထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(MyanCopharm)ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထပ်ဆောင်းထိုးနှံခြင်းကို နောက်ဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး (၆)လပြည့်ပြီးသူများကို မြို့မစုရပ်(မြို့နယ်ဆေးရုံ)၊ ကူတောင်စုရပ်(RHC)၊ စေတီပြင်စုရပ် (RHC)၊ လောင်းချောင်း စုရပ်(RHC)၊ ဘာထလေစုရပ်(RHC)အငူမော်စုရပ်(S/C) တို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုးနှံရန်လာရောက်သူများအား ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)