မအီ ဒီဇင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇) ရက်သားသမီး များ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် တည်ဆောက်လျက်ရှိသည့် စက္ခုဒါန မျက်စိဆေးရုံမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မျက်စိဆေးရုံမှာ (RCC)အုတ်ညှပ် အမျိုးအစား ၃ ထပ်အဆောက်အဦဖြစ်ပြီး အလျား ၉၇ ပေ၊ အနံ ၄၅ ပေဖြစ်သည်။ ဆေးရုံတည်ဆောက်နေမှုနှင့် ပတ်သက်၍ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာလွင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် "ဆေးရုံဆောက်လုပ်နေမှုက အခုအခြေအနေမှာဆိုရင် အကြမ်းထည်က ၈၀ ရာခိုင်းနှုန်းကျော် ပြီးစီးနေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ဒုတိယအပတ်လောက်ဆိုရင် အဆောက်အဦ အကြမ်းထည်ကို အပြီးသတ် ဆောင်ရွက် နိုင်မှာပါ။ အကြမ်းကိုယ်ထည်ပြီးတာနှင့် ပြူတင်းတံခါးမှန်များတပ်ဆင်ခြင်း၊ ကြွေပြားခင်ခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်းနှင့် ဆေးသုတ်ခြင်းစတဲ့ အချောကိုင်(Decoration) လုပ်ငန်းတွေကို ဆက် လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီမှာ လုပ်ရတာက ဒေသအခြေအနေအရ ကြန့်ကြာမှု ရှိပါတယ်။ ကျွန်မတို့ ရန်ကုန်(ပြည်မ)မှာ ဆောက်ရတာနဲ့ မတူပါဘူး။ ဘိလပ်မြေဖျော်တာ၊ RCC လောင်းတာတွေကအစ လူအင်အားကို သုံးနေရတာ၊ စက်ယန္တရား အသုံးပြုခြင်းများ အားနည်းမှုရှိ တာကြောင့် လုပ်ငန်းပြီးစီးမှုကို ကြန့်ကြာစေတာပါ။ " ဟု ၎င်းကပြောကြားသည်။
မအီဒေသတွင် ဖော်ပြပါ စက္ခုဒါန မျက်စိဆေးရုံ ဖွင့်လှစ်ပြီးပါက ယခင်ကကဲ့သို့ မင်းဘူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် စသည့် ဝေးလံသောမြို့ကြီးများသို့ သွားရောက်ကုသစရာမလိုတော့ဘဲ ရဟန်း သံဃာများသာမက ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များပါ လာရောက် ပြသ ကုသနိုင်တော့မည်ဖြစ်ကြောင်း၊ ရပ်ဝေးမှမျက်စိလာရောက်ပြသသည့် လူနာများ၊ ဘုရားဖူး ဧည့်သည်များ တည်းခိုနေထိုင်နိုင်ရန်အတွက် နှစ်ထပ်ဆောင်၊ သုံးထပ်ဆောင် အဆောက်အဦးများကို ယခင်နှစ်များကတည်းက ဆောက်လုပ်ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါမျက်စိဆေးရုံကို အချောကိုင်(Decoration) လုပ်ငန်းများပြီးစီး၍ ၂၀၂၃-ခုနှစ်၊ သင်္ကြန်မတိုင်ခင်ကာလတွင် ဖွင့်ပွဲ အခမ်းအနားကို ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်ပါကြောင်းတို့ကို တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာလွင်က ဆက်လက်ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)