ကျောက်ကြီး နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က တောင်ငူတန်းရပ်ကွက် မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို တောင်ငူတန်းရပ်ကွက် မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်နှင့် နိုင်ငံတော်၏ သမိုင်းကြောင်းများကို သိရှိနားလည်ပြီး အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်၍ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ အမျိုးသားရေးအကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်နိုင်မည့် မျိုးချစ်စိတ်ဓာတ်များ အစဉ်ထာဝရကိန်းအောင်းကြစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကလေးသူငယ်များ ရရှိသင့်သည့် အခွင့်အရေးများအကြောင်း ဟောပြောခြင်းနှင့် ကလေးသူငယ်များ ရရှိသင့်သည့် အခွင့်အရေးများဆိုင်ရာ နံရံကပ်စာစောင်များ ပြသရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား တောင်ငူတန်းရပ်ကွက် မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်