ကမမောင်း စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကမမောင်းမြို့ရုံးမှ စာကြည့် တိုက် လက်ထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာများ ပြည်သူထူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားသည် တရားမဝင်ကြောင်း စသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
တင်တင်လှ (ပြန် /ဆက်)