ပင်းတယမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ

ပင်းတယ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ ဒုတိယဦးစီးမှူးဒေါ်ခိုင်ကြည်ဝင်းက ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး၊ စာအုပ် စာပေကောင်းများကို လေ့လာရှာမှီး ဖတ်ရှုလာတတ်စေရန်နှင့် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ယနေ့နံနက် ၉ နာရီတွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မြို့ပြည်သူ့စာကြည့်တိုက်၊ ကလေး စာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) အနေဖြင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားတိုးတက်လာပြီး အသိပညာ ဗဟုသုတများတိုးပွားလာစေရန်အတွက် အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်ပြပွဲများနှင့် အသိပညာပေး နံရံကပ် စာစောင်များ ပြသခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)