ကေ့ာကရိတ် စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် လူငယ်လူရွယ်များစာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်ရည် ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ ကာယဥာဏစွမ်းရည် ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀) နာရီက ကေ့ာကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ဌာန၏လုပ်ငန်း မိတ်ဆက်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ခရိုင်ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများမှ ကျောင်း သူကျောင်းသားများကို အထွေထွေဗဟုသုတ ဥာဏ်စမ်းမေးမြန်း ဖြေဆိုခြင်းနှင့် ပုံပြင်များဖတ်ပြပြောပြစေခြင်း ဆေးရောင်ခြယ်ခြင်းအစီစဥ်တို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြသည်။
ထို့နောက် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ လူကုန်းကူးမှုဆိုင်ရာ၊ ကလေးသူငယ်အခွင့်အရေး၊ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာနံရံကပ်စာစောင်များဓာတ်ပုံများ၊ စာအုပ် စာစောင်များကိုပြသထားရာ ကျောင်းသားကျောင်းသူများမှ စိတ်ဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)