မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက အ.လ.က(ကျဒယ်) ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က  အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားသည့် အရွယ်တွင် ပညာကြိုးစားသင်ယူကြစေလိုကြောင်း၊ လူကုန်ကူးသူများသည် မိမိ၏ လိုချင်တပ်မက်မှုများမှတဆင့် အမြတ်ထုတ်ကာ ရောင်းကုန်အဖြစ် အသုံးပြုရန် စည်းရုံးနိုင်ကြောင်း၊ လူကုန်ကူးခြင်း မခံရစေရေးအတွက် စာအုပ်စာပေများ လေ့လာဖတ်ရှုသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ စက်တင်ဘာလ(၇)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်ဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုအတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုများ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့်နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောကာ “လေထုသန့်ရှင်းဖို့အားလုံးပူးပေါင်းဆောင်ရွက်စို့” အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်‌ဝေပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်  မူးယစ်ဆေးဝါးသုံး စွဲခြင်း၏ဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး စာစောင်များ၊ ဓာတ်ပုံ၊ နံရံကပ် စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)