နမ္မတူ စက်တင်ဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်စိုးစန္ဒာဝိုင်းက Online စနစ်ဖြင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒေါ်ညောင်ရှန်းဒိမ်က အမှိုက်အမျိုးအစား (၇)မျိုးဖြစ်သော မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက် အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံအလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ သာမန်အမှိုက်၊ မြို့နယ်အတွင်း အမှိုက်သိမ်းဆည်း စွန့်ပစ်မှုအခြေအနေများ၊ အမှိုက်အမျိုးအစားအလိုက် ပျက်စီးဖို့ကြာချိန်များ၊ ပလပ်စတစ်အမှိုက်ကင်းမဲ့စွာ နေနိုင်မည့်နည်းလမ်း(၇)သွယ်၊ ဈေးရောင်းချသူများနှင့် ပြည်သူများသိရှိလိုက်နာရမည်အချက်များ၊ သန့်ရှင်းကောင်းမွန်တဲ့ နေထိုင်ရာပတ်ဝန်းကျင်ဖြစ်စေဖို့ ပြည်သူများသိရှိလိုက်နာရန် အချက်များ စသည့်အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော်(ပြန်/ဆက်)