ကမ႓ာတစ်ဝန်း အခက်အခဲ အကျပ်အတည်းရှိနေချိန်မှာ အာဆီယံရဲ့ စီးပွားရေးတိုးတက်မှုဟာ ၄ ဒသမ ၇ ရာခိုင်နှုန်းရှိ၍ ချီးကျူးထိုက် တာဝန်သိ တာဝန်ကျေပွန်တဲ့ အာဆီယံရဲ့ မိသားစုဝင် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်

Tue, 08/08/2017 - 06:19 -- moi-admin

၂၀၁၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည် အာဆီယံနေ့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သည့် သဝဏ်လွှာ
လေးစားအပ်ပါသောပြည်သူအပေါင်းတို့ခင်ဗျား၊
ဒီကနေ့ဟာ အာဆီယံအဖွဲ့ကြီး စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း(၅၀)ပြည့်မြောက်တဲ့ ရွှေရတုနှစ် ပတ်လည်နေ့ ဖြစ်ပြီးတော့ အာဆီယံအတွက် သမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ် ငါးစုအတွင်းမှာ အာဆီယံ နိုင်ငံများအနေနဲ့ ကျေနပ်ဂုဏ်ယူဖွယ်ရာ တိုးတက်ဖြစ်ထွန်းမှုတွေရှိခဲ့ပါတယ်။ ယနေ့ အာဆီယံ(၁၀)နိုင်ငံရဲ့ စီးပွားရေး ပေါင်းစည်းမှုဟာ ကမ္ဘာ့အဆင့် (၇)နေရာမှာရောက်ရှိနေပြီး ဒီအောင်မြင်မှုဟာ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ မှတ်ကျောက် ပဲဖြစ်ပါတယ်။
ဒီနှစ်ဟာ မြန်မာနိုင်ငံအတွက်လည်း ထူးခြားတဲ့နှစ်ပတ်လည်နေ့ အခါသမယဖြစ်နေပါတယ်။ မြန်မာနိုင်ငံ အတွက် လွန်ခဲ့တဲ့ နှစ်(၂၀)က အာဆီယံမိသားစုထဲကို ဝင်ရောက်ခဲ့တဲ့ သမိုင်းဝင်နေ့လည်း ဖြစ်ပါတယ်။ ဒီနှစ်ပတ် လည်နေ့အခါသမယနှစ်ခုကို ဂုဏ်ပြုကြိုဆိုရင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူပြည် သားများအားလုံးကိုလည်း ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
အာဆီယံခေါင်းဆောင်ကြီးများဟာ အရှေ့တောင်အာရှဒေသအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူများအားလုံး အတွက် အရှေ့တောင်အာရှဒေသကို အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ဒေသကြီးဖြစ်လာစေဖို့ မျှော်မှန်းပြီး အာဆီယံအဖွဲ့ကြီးကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသကို ရှင်သန် ထက်မြက်တဲ့၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့၊ ပေါင်းစည်းညီညွတ်တဲ့ စီးပွားရေးအင်အားစု ဖြစ်လာစေဖို့၊ ဘုံအမှတ် သရုပ်လက္ခဏာနဲ့ စည်းလုံးညီညွတ်မှုအပေါ်အခြေခံတဲ့ အသိုက်အဝန်းတစ်ခုအဖြစ် ဖန်တီးနိုင်ဖို့ ဦးတည်ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့ကြီးရဲ့ အဆိုပါရည်မှန်းချက်တွေကိုစိန်ခေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းများကို လည်းဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း အာဆီယံအဖွဲ့ကြီး အနေနဲ့ အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တူညီဆန္ဒအလေးထားမှုစတဲ့ “မူ”တွေပေါ်မှာ အခိုင်အမာ ရပ်တည်ပြီး မိမိတို့ရဲ့ရည်မှန်းချက်၊ ဦးတည်ချက်ကိုအပျောက်မခံဘဲ လျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။ မိမိတို့ရဲ့ ထူးခြားတဲ့ “အာဆီယံနည်းအာဆီယံဟန်”နဲ့ တိုးတက် အောင်မြင် မှုတွေကို ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ တိုးတက်အောင်မြင်မှုကို ဘက်စုံထောင့်စုံကနေ တိုင်းတာကြည့်နိုင်ပါတယ်။ ဒီကနေ့ အရှေ့တောင်အာရှဒေသဟာ အေးချမ်း တည်ငြိမ်တဲ့ဒေသတစ်ခုဖြစ်နေပါပြီ။ နှစ်ပေါင်း ၅၀ အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာရပ်အရပ်ရပ်ကို အသိုက်အဝန်းတစ်ခုရဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အတူတကွပူးပေါင်းဖြေရှင်းခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေဟာလည်း သိသိသာသာတိုးတက်မှုရှိခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅ ထရီလီယံ ရှိနေပြီး အကြီးမားဆုံးသော ကမ္ဘာ့စီးပွားရေးအုပ်စုတစ်ခုဖြစ်လာခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ စီးပွားရေးတိုး တက်မှုနှုန်း အလျင်မြန်ဆုံးနိုင်ငံတွေထဲမှာ ဒီအရှေ့တောင်အာရှဒေသကနိုင်ငံတွေ ပါဝင်နေပါ တယ်။ ပြီးခဲ့တဲ့နှစ်မှာ အာဆီယံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၄ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း အခက်အခဲအကျပ်အတည်းတွေနဲ့ စိန်ခေါ်မှုတွေရှိနေချိန်မှာ ယခုလိုစီးပွားရေးတိုး တက်မှုနှုန်းရ ရှိနေတာဟာ ချီးကျူးထိုက်တဲ့အခြေအနေပဲဖြစ်ပါတယ်။ အာဆီယံတစ်နိုင်ငံနဲ့တစ်နိုင်ငံအကြား ယဉ်ကျေးမှုဆက်နွှယ်ဖလှယ်မှုတွေလည်း အများအပြားရှိနေကြပါတယ်။
မြန်မာနိုင်ငံဟာလည်း ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနဲ့ ရှင်သန်နေတဲ့ နိုင်ငံတစ် နိုင်ငံဖြစ်ပါ တယ်။ ဒါကြောင့် အခြား(၉)နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ထဲကို မြန်မာနိုင်ငံဝင် ရောက်လာတဲ့ အခါမှာ အာဆီယံရဲ့ ယဉ်ကျေးမှုအနုပညာကားချပ်ကို ပိုမိုပြီးတော့ အရောင်အသွေးစုံလင်ပြည့်စုံ စေခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။
လာမယ့်အနာဂတ် အနှစ် ၅၀ ကို မျှော်ကြည့်လိုက်ရင် အာဆီယံနိုင်ငံတွေရဲ့ဆက်ဆံရေးဟာ လက်ရှိအ ခြေအနေ ထက်ပိုမိုပြီးတော့ နက်ရှိုင်းလာဖို့ရှိပါတယ်။ မိမိတို့ရဲ့ အခြေခံမူတွေပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ထားခြင်းအားဖြင့် အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန်ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေတွေကြားမှာ ရှင်သန်တက်ကြွနေတဲ့ အဖွဲ့အစည်း အဖြစ် အောင်မြင်စွာရပ်တည်သွားနိုင်မှာဖြစ်ပါတယ်။ ရှေ့ကိုဆက်ပြီး ဆတက်ထမ်းပိုး ကြိုးပမ်းအားထုတ်ခြင်းအားဖြင့်လည်း အာဆီယံဒေသကို နိုင်ငံရေးအရ စုစည်းမှုခိုင်မာတဲ့၊ စီးပွားရေးအရ ပေါင်းစည်းညီညွတ်တဲ့၊ လူမှုရေးအရ တာဝန်သိ တာဝန်ကျေပွန်တဲ့၊ ပြည်သူလူထုဗဟိုပြုတဲ့ ဒေသကြီးအဖြစ် ရပ်တည်သွားနိုင်စေမှာဖြစ်ပါတယ်။
ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်နေမယ့် အနာဂတ်ကိုဖန်တီးနိုင်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေဟာ ကုလသမဂ္ဂရဲ့”၂၀၃၀ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အစီအစဉ်”နဲ့အညီ “အာဆီယံ အသိုက် အဝန်း မျှော်မှန်းချက် ၂၀၂၅” ကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ စီမံထားရှိပြီး ဖြစ်ပါတယ်။ လာမယ့်အနာဂတ်ကာလမှာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ထိတွေ့ဆက်ဆံရေးကိုမြှင့်တင်ပြီး အာဆီယံအသိုက် အဝန်းရဲ့ တိုးတက်မှုကို ဆက်လက်တည်ဆောက်သွားကြဖို့ စီမံထားပါတယ်။ ဒီကနေ့ ဒီအချိန်မှာ အာဆီယံအဖွဲ့ကြီး ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ၈၇ နိုင်ငံနဲ့ လည်းကောင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုနဲ့လည်းကောင်း သံအမတ်ကြီးအဆင့် သံတမန်အဆက်အသွယ်ထားရှိနိုင်ပြီဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် အခြားသောကမ္ဘာ့နိုင်ငံ များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း အာဆီယံ ကော်မတီ ၅၂ ခုကို ဖွဲ့စည်းတည်ထောင် ဆက်သွယ်ထားရှိ နိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုကိုဆက်လက်မြှင့်တင်ပြီး အာဆီယံ ဒေသကြီးနဲ့ အာဆီယံပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။
အဆိုပါရည်မှန်းချက်ဟာ ယခုနှစ်နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်ဖို့မျှော်မှန်းထားတဲ့ “ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး မိတ်ဖက်အစီအစဉ်”ကို အကောင်အထည်ဖော်လာနိုင်တာနဲ့အမျှ ပိုမိုနက်ရှိုင်းတဲ့ အောင်မြင်မှု တွေရရှိ လာမှာဖြစ်ပါတယ်။ ဒီအစီအစဉ် စတင်အကောင်အထည်ဖော်နိုင်ပြီဆိုရင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကို လွှမ်းခြုံနိုင်တဲ့
အကြီးမားဆုံးဈေးကွက်ကြီးတစ်ခု ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ရှိတဲ့ ကုန်သွယ်ရေးဒေသကြီးတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နှစ်ပတ်လည်နေ့ကို “ပြောင်းလဲဖို့ရာ ပေါင်းစည်းပါ၊ ကမ္ဘာ့နီးဝေး၊ ထိတွေ့ပေး”ဟူသောဆောင်ပုဒ်နဲ့အညီ ဂုဏ်ပြုကြိုဆိုကြခြင်းပဲဖြစ်ပါတယ်။
အာဆီယံအနေနဲ့ ဒီရည်မှန်းချက်တွေကို ကြိုးပမ်းအားထုတ်ဖော်ဆောင်နိုင်ရုံနဲ့ ကျေနပ်နေကြမှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒေသအတွင်းနဲ့ ကမ္ဘာ တစ်ဝန်းမှာ လူဦးရေတိုးပွားမှုနှုန်း တစ်နေ့တခြားမြင့်မားလာနေတာတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်လာကြတာတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်အစွန်းရောက်ဝါဒီတွေ၊ လူမှုစီးပွား ရေးမတည်ငြိမ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရဦးမှာဖြစ်ပါတယ်။
ဒါတွေကိုရင်ဆိုင်လာနိုင်အောင် ဒေသတွင်းပေါင်းစည်းမှုအင်အားပိုမိုကောင်းမွန်အောင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနဲ့ ဆတက်ထမ်းပိုး ကြိုးပမ်းဖော်ဆောင်သွားရမှာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ လူငယ်များ ရဲ့ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ပိုမိုစုစည်းညီညွတ်တဲ့ အာဆီယံ အဖွဲ့ကြီးဖြစ် လာအောင် နောက်တစ်ဆင့် တက်လှမ်းနိုင်ခြင်းအားဖြင့် ပိုမိုပွင့်လင်းတဲ့၊ ပိုမိုငြိမ်းချမ်းတဲ့၊ အားလုံးပါ ဝင်မှုပိုပြီးမြင့်မားတဲ့၊ ကြံ့ကြံ့ခံနိုင်စွမ်းပိုမိုမြင့်မားတဲ့၊ ပိုမိုသာယာ၀ပြောတဲ့ဒေသကြီး ဖြစ်လာမှာဖြစ်ပါတယ်။
အာဆီယံအဖွဲ့ကြီးရဲ့ ဒီရည်မှန်းချက်တွေ အောင်မြင်အောင်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအနေနဲ့ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းပေါင်း စည်းမှုတည် ဆောက်ရေးလုပ်ငန်းတွေမှာ ဆက်လက်ပြီးတော့ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ တာဝန်သိ တာဝန်ကျေပွန်တဲ့ အာဆီယံနိုင်ငံ၊ အာဆီယံအဖွဲ့ရဲ့ မိသားစုဝင်ဖြစ်ရခြင်းကို ဂုဏ်ယူတတ်တဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒီရပ်တည်ချက်ဟာ မြန်မာနိုင်ငံသူ နိုင်ငံသား တစ်ဦးချင်းစီမှာ ထင်ဟပ်နေရမှာဖြစ်ပါတယ်။
အာဆီယံပြည်သူတွေဟာ အာဆီယံရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးအောင်မြင်မှုအတွက် အသက်သွေးကြောပဲဖြစ်ပါတယ်။ ဒါကြောင့် ယခုလိုကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ရွှေရတု နှစ်ပတ်လည် အခါသမယမှာ အာဆီယံအဖွဲ့ကြီးအနေနဲ့ အနာဂတ်ကိုအတူတကွ လျှောက်လှမ်းကြရာမှာ တိုးတက်အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
 

Featured News: 
1