ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကလေးစာပေပွဲတွင် ပြောကြားသည့် အမှာစကား

Sat, 11/05/2016 - 13:48 -- moi-admin

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကြွရောက်လာကျတဲ့ ပြည်ထောင်စု ဝန်ကြီးများ၊ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးမျုား၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကလေးစာပေမှာ စိတ်ဝင်စားသော၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ ဆရာ၊ ဆရာမများနဲ့ ကြွရောက်လာကြတဲ့ ကလေးများ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ ကျွန်တော်တို့ကလေးစာပေပွဲတော်နဲ့ နာမည်နဲ့ စာပေပွဲတစ်ခုကို ဒီနှစ် စောစောပိုင်း ဇန်နဝါရီလထဲက ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ရန်ကုန်မြို့မှာ အဲအချိန်က စာရေးဆရာ ကျွန်တော်နဲ့ မိတ်ဆွေများဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာများ၊ စာအုပ် ထုတ်ဝေသူများ၊ စာအုပ် လုပ်ငန်းသမားများ၊ စာကြည့်တိုက်ပညာရှင်များ၊ စာအုပ်စာပေကိစ္စမှာ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူတွဲပြီးတော့ ကျွန်တော်တို့ ကလေးစာပေ ပွဲတော်ကို ရန်ကုန်မှာ ကျင်းပပါတယ်။ နေ့ခင်းပိုင်းမှာ စာတမ်းဖတ်ပွဲတို့၊ ဆွေးနွေးပွဲတို့ စသဖြင့်ကျင်းပတယ်၊ စာအုပ် ရောင်းပွဲ၊ ပြီးတဲ့နောက် ကလေးများ အတွက် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်မျိုးစုံ စသဖြင့် ကျင်းပပါတယ်။ ရန်ကုန်မှာတော့ ကျွန်တော်တို့ (၃)ရက်လုံးလုံးက တော်တော်ကို လူတိုးမပေါက် အောင် စည်ကားပါတယ်။ အဲဒီတော့ အဲဒီလို ပွဲတော်မျိုးကို ကျွန်တော်တို့ နေပြည်တော်မှာ ကျင်းပချင်တယ်၊ ပြုလုပ်ချင်တယ် ဆိုတဲ့အခါကျတော့ ရန်ကုန်နဲ့ နေပြည်တော်ကတော့ ပတ်ဝန်းကျင် အနေအထားချင်း၊ လူနေထိုင်မှုချင်း၊ ကွာခြားတဲ့အခါ ကျတော့ နေပြည်တော်မှာ တော့ ရန်ကုန်ထက် တစ်ထပ်တည်း တူညီစွာ မလုပ်နိုင်ပါဘူး။ နေပြည်တော်ရဲ့ အခြေအနေနဲ့ သင့်တင့် လျောက်ပတ်စွာ လုပ်ရပါတယ်။ လုပ်တဲ့အခါမှာ ရန်ကုန်မှာ တုန်းက စာပေပွဲတော်ကို ကျွန်တော်တို့ ကျင်းပတယ်။ ဒီအတိုင်းပဲ မည်သူမဆို တက်ရောက်နိုင်သည့် အခါမှာ ကျေုာင်းတွေ ကရော၊ အရပ်ထဲကရော ကလေးသူငယ်တွေ များစွာလာကျပါတယ်။ အဲ့တော့ နေပြည်တော်မှာ တော့ ကျွန်တော်တို့ ဒီပညာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ကျောင်းတွေနဲ့ ပြင်ပ ပုဂ္ဂလိကကျောင်းများ၊ ဆရာ၊ ဆရာမများနဲ့ ကလေးမျုားကို ဒီပွဲမှာ ပါဝင်ဆင်နွှဲပေးဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ရပါတယ်။ ဖိတ်ခေါ်တော့ ဒီကနေ့မှာ ကလေးတွေ၊ ကျွန်တော်တို့ ခန်းမကြီးရဲ့ သုံးထပ်စလုံးကို အပြည့်တက်ရောက်လာကြတာ တွေ့ရတဲ့အတွက်ကြောင့် အားလုံးကိုပဲ ကျေးဇူး တင်ပါတယ်။

 

ကလေးများရဲ့စာပေပွဲတော်ကို ကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပွဲတော်မှာ စောစောက လည်း ဒီမှာ အနည်းနဲ့အများ မြင်တွေ့ခဲ့ပြီး ဖြစ်ပါလိမ့်မယ်။ ကလေးတွေအတွက် ပျော်စရာ ရွှင်စရာ အစီအစဉ်တွေ မျိုးစုံ တတ်နိုင်သမျှ စုံလင်စွာ စီစဉ်ပေးထားပါတယ်။ ကလေးတွေသည် ဒီကနေ့ ပွဲတော်ကို လာတဲ့အခါမှာ ပျော်ရွှင်သွားဖို့သည် ပထမဆုံးရည်ရွယ်ချက် ဖြစ်ပါတယ်။ ကလေးတွေ ပျော်ရွှင်စေဖို့ စီစဉ်တာပါ။ ကလေးများအတွက် ဒီကနေ့ပြန်သွားရင် နောက်နေ့တွေမှာ ဒီကနေ့သည် သူတို့အတွက် ပျော်ရွှင်စရာ၊ အမှတ်တရနေ့ရက်တစ်ခုဆိုပြီးတော့၊ အဲ့လို ဖြစ်သွားစေ ချင်တဲ့ ဆန္ဒသည် ပထမဆန္ဒဖြစ်ပါတယ်။ အဲဒီသဘောနဲ့ ကျင်းပတာဖြစ်တယ်။ သို့သော် ပျော်ရင် ရွှင်ရင်းနဲ့ပဲ တစ်ချိန်တည်းမှာ ပြသထားတဲ့ ပြကွက်တွေ ကြည်ရှု့ရင်းနဲ့ပဲ ခေါင်းထဲမှာ နောင် နှစ်ပေါင်းများစွာ၊ မမေ့နိုင်စရာ သူတို့အတွက် အသိဉာဏ်တစ်စုံတစ်ရာ တိုးသွားတဲ့ပြကွက်တွေ ကိုလည်း သူတို့ ရလိမ့်မယ်လို့ မြင်ပါတယ်။ ဒီနောက်ပျော်ရွှင်ပွဲ ဝင်ရောက်ပြီးတော့ကစားတဲ့ အစီအစဉ်တွေ ဒါတွေမှာလည်းပါဝင်ဆင်နွဲခဲတာကို နောင်တစ်ချိန် ကျရင် အမှတ်ရကျဖို့ ဒီလိုလည်း ရည်ရွယ် ချက်ရှိပါတယ်။ အဲ့တော့ ပျော်ရွင်မှု့နဲ့အတူ အသိ ဉာဏ်ပညာလေးတွေ တစ်စုံတစ်ရာ တိုးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အားလုံးပဲ တွေ့ကျမှာပါ အပြင်မှာ ခင်းကျင်းပြသ ထားပါတယ်။ စောစောတော့ အပြင်မှာ တိုးဝှေ့နေကြတဲ့ အတွက်ကြောင့်မိုလို့ စုံအောင်တွေ့လိုက် ရမှာ မဟုတ်ပါဘူး။ အခု ပြန်ထွက်သွားရင် ကျွန်တော်တို့ဖွင့်ပွဲ အခမ်းအနားအစီအစဉ်တွေ ဒီအစီအစဉ်တွေပြီးလို့ အပြင်မှာ လျှောက်ကြည့်မယ်ဆိုရင် စာအုပ် စာတမ်းတော်တော်များများ ခင်းကျင်းထားတာကို တွေ့ပါလိမ့်မယ်။ တစ်ချို့လည်းပါပါတယ် အဓိကအားဖြင့် သက်ဆိုင်တဲ့ စာအုပ်တွေပါ၊ ကလေးသူငယ်တွေရဲ့ အသက် အရွယ်မျိုးစုံနဲ့ လိုက်ဖက်တဲ့ စာအုပ်တွေ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်တွေ အစုံတွေ့ပါလိမ့်မယ်။ ဒီစာအုပ်တွေ ကလေးတွေ သည် ပျော်ရွှင်စရာလေးတွေ လိုက်လုပ်ရင်းနဲ့ စာအုပ်ဆိုင်တွေကို ဖြတ်သန်း သွားလာရင်နဲ့ ကလေးစာအုပ်လေးတွေကိုကြည့်မိတဲ့အခါမှာ သူစိတ်ဝင်စားသွားတဲ့ စာအုပ်တစ်အုပ်ကို တွေ့သွား ရင် ဒါကလေးအတွက် ဒီပွဲကနေ စာတစ်အုပ်စပြီးတော့ ထိတွေ့ သွားတဲ့ သဘောရှိပါ တယ်။ ပထမဆုံး စိတ်ဝင်စားစရာ စာအုပ်တစ်အုပ်တော့ ရသွားလိမ့်မယ် လို့ထင်ပါတယ်။ တစ်အုပ်အုပ်ရ တယ်ဆိုတာက သူမြင်သွားပြီးတွေ့သွားပြီးတော့ ဝယ်သွားတာ သဘောမျိုး အဲဒီလိုရသွားတာမျိုး ပြောတာ။ ကျွန်တော်တို့ အခုတက်လာတဲ့ကလေးတွေအားလုံးကို ကျွန်တော်တို့လက်ဆောင် ပစ္စည်းတိုင်းမှာတော့ ကျွန်တော်တို့ ဒီစာအုပ်ကလေးတွေ ပေးထားတာ ရှိပါတယ်။ ဒီစာအုပ်တွေကို တွေ့လို့ချင်ရင် စိတ်ဝင်စားစရာ ကောင်းမှန်း၊ ကလေးများအတွက် စွမ်းဆောင်မှု အပြည့်ရှိမယ့် စာအုပ်ကလေးတွေကို ရွေးပြီးတော့ ထည့်ထားပါတယ်။ ဒါတင်မက သွားရင်လာရင်း အဲဒီလို တစ်အုပ်အုပ်တော့ တွေ့လိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကလေး တစ်ယောက်သည် စာအုပ်ကလေးတစ်အုပ်ကို အဖုံးမှာပါတဲ့ သရုပ်ဖော်ပုံကြောင့် ဖြစ်စေ၊ စာအုပ် အမည်ကြောင့်ဖြစ်စေ၊ စိတ်ဝင်စားလို့ ဖတ်ကြည့်ရင်၊ သူစပြီးစိတ်ဝင်စားလို့ စာအုပ်ထဲမှာလည်း သူ စိတ်ဝင်စားတာ တွေ့သွားလို့ချင်ရင် ဒီကလေးသည် စာအုပ်ဆိုရင်ကြောက်စရာမဟုတ်ဘူး။

 

စာအုပ် ဆိုတာ စိတ်ဝင်စားစရာတွေပါတယ်ဆိုတာကို သူခံစား သိရှိသွားမယ်ဆိုရင်၊ အဲ့ဒါဆိုရင် စာဖတ်ဖို့ ဝါသနာလေးက စပြီးတော့အမြစ်တွယ်သွားမယ်လို့ ကျွန်တော်ကတော့မြင်တယ်။ အဲ့တော့ စာအုပ်ဖတ်ပြီးစာအုပ်ဆိုတာ ဘာဆိုတာသိသွားရင် ဒီထဲမှာ စိတ်ဝင်စားစရာ ပါတယ် ဆိုရင်၊ နောက်ထပ် စာအုပ်အသစ်၊ အဲဒီလိုဖတ်ရင်းနဲ့ ကလေးက စာအုပ်ကနေ အသိပညာ ကြွယ်ဝတဲ့ သူကလေး တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲ့တော့ စာဖတ်ရင်ဘာရသလဲ။ စာဖတ်ခြင်းနဲ့ ပတ်သတ်လို့ စာဖတ်ရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုကြောင့် ပြောတဲ့စကား အမြောက်အမြားရှိပါတယ်။ အဲဒီ အထဲက အတိုဆုံး အရှင်းဆုံး စကားကြီးတစ်ခွန်းက ဘာလဲ ဆိုတော့ နိုင်ငံတကာပညာရှိကြီးပြောတဲ့ စကားပါ။ သူပြောတဲ့စကားက စာဖတ်ခြင်းသည် ပြည့်၀ စေသည်။ နောက်ထပ်ဆက်ပြီးပြောတာရှိပါတယ်။ အတိုဆုံးက စာဖတ်ခြင်းသည် ပြည့်၀စေသည်။ ဘာပြည့်ဝလည်းဆိုတော့ အသိပညာ ဗဟုသုတ ဒါတွေပြည့်ဝပါတယ်။ အဲဒီတော့ စဉ်းစားကြည့် လိုက်တော့ စာအုပ်တစ်အုပ်ဖတ်ရင် တစ်အုပ်အလျောက် အသိရတယ်။ အခုပြန်ထွက်သွားလို့ ခင်းကျင်းပြသထားတဲ့ စာအုပ်တွေကို လူကြီးများအနေနဲ့ လိုက်ပြီး ကြည့်လိုက်မယ်ဆိုရင် ကလေး တစ်ယောက်သည် စာဖတ်ဝါသနာပါသွားတဲ့ ကလေး တစ်ယောက်သည် ပထမတန်း၊ ဒုတိယတန်း အရွယ်လောက် ဝါသနာပါနိုင်တယ်။ ပထမတန်း၊ ဒုတိယတန်း အရွယ်လောက်မှာ သူဖတ်လို့ ရလောက်တဲ့ စာအုပ်ကလေး တစ်အုပ်လောက်ကို ဝါသနာပါရင်၊ ဝါသနာပါသလို ဖတ်သွားပြီး နောက် စာအုပ် ၊ စာဖတ်တဲ့စိတ်ကို စွဲသွားလို့ရှိရင် စာဖတ်ဝါသနာ အသိကြွယ်သွားလို့ ချင်ရင် စာအုပ်တွေ့တိုင်း သူဆက်ဖတ်မယ်။ တကယ် ဝါသနာ ပါသွားလို့ချင်ရင် စာအုပ်သမား ကလေးတွေသည် ဒီအပြင်မှာ ခင်းကျင်ထားတဲ့စာအုပ်တွေကို ကျွန်တော်တို့ မူလတန်း မကုန်ခင် မှာတောင်မှ ကျွန်တော်တို့အကုန်ဖတ်နိုင်မယ်လို့ ကျွန်တော်ပြော ချင်တယ်။ ဘာကြောင့်လည်း ဆိုတော့ အဲဒီလိုဖတ်တဲ့ကလေးတွေကို ကျွန်တော်အများကြီး တွေ့ဖူးပါတယ်။ နောက်အခုအခါ ရန်ကုန်မြို့မှာ စာကြည့်တိုက်ကလေးတွေကို သွားကြည့်လို့ချင်ရင် ဥပမာ အင်္ဂလိပ် ကျောင်းတွေမှာ စာကြည့်တိုက်ကလေးတွေရှိတယ်။ ပြီးတော့ ရန်ကုန်မှာ British Council တို့လို၊ အဲဒီတော့ ကလေး စာဖတ်တာ အဓိကသွားကြတယ်။ အဲဒီမှာ ကလေးတွေ ကြည့်လိုက်တော့ တစ်အုပ်ပြီး တစ်အုပ် အများဆုံး ဘယ်နှစ်အုပ် ငှားနိုင်လည်း (၆)အုပ်ငှားလို့ရရင် ငှားသွားတယ်။ ပြန်လာတယ် နောက်တစ်ပတ် (၆)အုပ်ငှားသွားတယ်။ အဲဒီလို စာဖတ်တဲ့ ကလေးတွေကို ကျွန်တော် တွေးကြည့် တယ်။ ဒီမှာခင်းကျင်း ပြသထားတဲ့ စာအုပ်တွေကို သူဟာ မူလတန်းအရွယ် သုံးလေးနှစ်မှာ ကုန်အောင်ဖတ်နိုင်တယ်။ အဲဒီတော့ ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်လည်းဆိုရင် လူကြီးဖတ်တဲ့ စာအုပ်မျိုးမဟုတ်ဘူး၊ ကလေးဖတ်တဲ့စာအုပ်ပဲ။ သို့သော် အကြောင်းအရာတွေက အင်မတန်မှ စုံလင်တာတွေ့လိမ့်မယ်။ အဲဒီတော့ ဆိုလိုချင်တာက ဒီလေးတန်းအရွယ်လောက်က ပြီးသွားလို့ချင် ရင် ကလေးတစ်ယောက်ဟာ ခေါင်းထဲမှာ အသိပညာ ဗဟုသုတ အများကြီး ဝင်သွားနိုင်တယ် ဆိုတာ ပြောချင်တယ်။ ငယ်ရွယ်စဉ် အခါမှာ စပြီးတော့ စာဖတ်တဲ့ ဝါသနာလေး ပါသွားရင် ကလေးများနဲ့ ပတ်သက်တာ တစ်ခု ရှိပါတယ်။ ကလေးတွေက ငယ်စဉ်မှာ သိရ တွေ့ရတဲ့ သူတို့ တွေ့ကြုံခံစားမှု၊ စာထဲက ရတဲ့ အသိ၊ ဒါမျိုးတွေသည် ဘာနဲ့တူလဲဆိုတော့ တစ်ခါမှ မရေးရသေးတဲ့ ကျောက်သင်ပုန်းမှာ ရေးခဲ့တဲ့ စာတွေလို ထင်ထင်ရှားရှား ပေါ်သွားတယ်။ ကလေးတွေရဲ့ နှလုံးသား ကျွန်တော်တို့ လူကြီးတွေ ပြောလေ့ရှိပါတယ်။ ကလေးတွေရဲ့ နှလုံးသားက အင်မတန်မှ နုတယ်။ နူးညံ့သိမ်မွေ့တယ်။ ထိလွယ် ရှလွယ် ခံစားလွယ်တယ် ဆိုတဲ့ စကားရှိပါတယ်။ ဒါ အမှန်ဖြစ်ပါတယ်။ ကလေးတွေရဲ့ နှလုံးသားက ထိလွယ်တယ်။ ရှလွယ်တယ်။ ခံစားလွယ်တယ်။ တစ်ချိန်တည်းမှာ အဲဒီ ခံစားမှုနဲ့ ယှဉ်တဲ့ သိလာတဲ့ အသိစိတ်ကလည်း ခေါင်းထဲမှာ စွဲသွားတယ်။ ဒါကြောင့်မို့ ငယ်ငယ်ရွယ်ရွယ်မှာ ဖတ်လိုက်တဲ့ စာလေးတွေသည် အသက်ကြီးလာတဲ့အထိ စွဲစွဲလမ်းလမ်း ဖြစ်သွားတယ်။ ဒီနေရာမှာ ကိုယ်တွေ့လေးတစ်ခုကို ဆက်စပ်ပြီး ပြောချင်ပါတယ်။ ကလေးတွေက နုနယ်တယ်။ ကလေးတွေရဲ့ နှလုံးသားက ထိလွယ် ရှလွယ် ခံစားလွယ်တယ် ဆိုတဲ့ စကား လူကြီးတွေ အနေနဲ့ ပြောရိုးပြောစဉ် ပြောလေ့ရှိတယ်။ အဲဒါကို တကယ် ကိုယ်တွေ့နဲ့သိလိုက်ဖူးတာ ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ် ရှိပါတယ်။ ကြွရောက်လာတဲ့ လူကြီးတွေ အားလုံးပဲ ငယ်ရွယ်စဉ်က ပုံပြင်လေးတွေ ဖတ်ခဲ့ဖူးတဲ့ လူကြီးတွေပဲ ဖြစ်မှာပါ။ ကျွန်တော် အခုပြောမယ့် ပုံပြင်ကလေးကို မပြောပါဘူး။ ပုံပြင်အကြောင်း လေးပါ။ ပုံပြင်နဲ့ပတ်သက်လို့ ကျွန်တော့် ခံစားမှုလေးပါ။ အဲဒါဘာလဲဆိုတော့ Grimm ညီနောင်ပုံပြင်များ ဆိုတဲ့ စာအုပ်ရှိ ပါတယ်။ ဒါကတော့ ဂျာမန် ပုံပြင်ပါ။ Grimm ညီနောင်ပုံပြင် များထဲမှာရှိတဲ့ Hansel und Gretel ဆိုတဲ့ပုံပြင် ပုံပြင်နာမည်ကို ပြောရင် မှတ်မိချင်မှ မှတ်မိမယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ လူကြီးတော်တော်များများလည်း အားလုံးနီးပါးလောက်ပဲ ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ ကျွန်တော်ကတော့ စာရေးဆရာဖြစ်တဲ့ အတွက် အသက်ကြီးကာမှ အဲဒီပုံပြင်ကို တစ်ခါ ပြန်ဖတ်ရတယ်။ သူတို့ရဲ့ စာပေအကြောင်း ရေးမယ်ဆိုတော့ ဒီဟာတွေ ပြန်ဖတ်တော့ ပုံပြင်တွေ ဖတ်တယ်။ အဲဒီတော့ Hansel und Gretel ကဆိုရင် ဒီပုံပြင် ပြန်ဖတ်လိုက်တဲ့အခါကတော့ ငယ်ငယ်တုန်းက ဒီပုံပြင်ဖတ်ပြီး ဘယ်လိုခံစား ခဲ့ဖူးတယ်ဆိုတာကို ပြန်သတိရတယ်။ တော်တော် စွဲလန်းခဲ့တဲ့ ပုံပြင်ပဲ။ ပုံပြင်ကို ကျွန်တော် မပြောပါဘူး။ မှတ်မိအောင် ပြန်ပြောမယ်ဆိုရင် တောထဲမှာ နေရတဲ့ သစ်ခုတ်သမားရဲ့ သားသမီး နှစ်ယောက်၊ မောင်နှမလေး နှစ်ယောက် သူတို့မှာ အမေက မရှိတော့ဘူး။ အဖေက နောက်အိမ်ထောင်နဲ့ဆိုတော့ မိထွေးနဲ့နေ ရတယ်။ သူတို့ကလည်း ဆင်းရဲတဲ့အခါကျတော့ မိထွေးက ဆက်ပြီးတော့ မကျွေးချင်တော့ဘူး။ တောထဲမှာ သွားပြီးတော့ ပစ်ထားမယ်ဆိုပြီး သူတို့အဖေနဲ့ညဘက်မှာ တိုင်ပင်တယ်။ နောက်နေ့ကျတော့ တောထဲခေါ်သွားပြီး ထားခဲ့မယ်ဆိုတဲ့ ဇာတ်လမ်းလေး။ အကိုလုပ်တဲ့ ကလေးက ညဘက်ကို အပြင်ထွက်ပြီးတော့ ကျောက်စရစ်ခဲ အဖြူလေးတွေ လရောင်မှာ မြင်ရတဲ့ ကျောက်စရစ်ခဲ အဖြူလေးတွေ ကောက်ပြီးတော့ အိတ်ထဲ ထည့်ထားတယ်။ နောက်တစ်နေ့ကျ တော့ သူတို့ကို တောထဲမှာ စွန့်ပစ်ဖို့ တောထဲသွားတဲ့အခါမှာ သွားတဲ့လမ်းတစ်လျှောက်မှာ ကျောက်စရစ်ခဲလေး တွေ ချထားခဲ့တယ်။ လူကြီးတွေ ပြန်သွားပြီး ညရောက်တဲ့အခါမှာ လရောင်မှာ ကျောက်စရစ်ခဲလေးတွေ မြင်ရတဲ့ အခါကျတော့ ဒါလေးကြည့်ပြီး အိမ်ရောက်အောင် ပြန်လာခဲ့တဲ့ ဇာတ်လမ်းလေး။ နောက်တစ်နေ့ကျတော့ ကျောက်စရစ်ခဲ ကောက်ဖို့ အချိန်မရတော့ဘူး။ အခွင့်အရေးမရဘူး။ တံခါးပိတ်ထားတဲ့အတွက်ကြောင့်။ အဲဒီအခါကျတော့ ပေါင်မုန့်လေးတွေ ချထားခဲ့တယ်။ ပေါင်မုန့်လေးတွေက ငှက်ကလေးတွေ စားသွားလို့ လမ်းပျောက်ပြီး စသဖြင့် ဇာတ်လမ်းပေါ့။ ကျွန်တော် ငယ်ငယ်တုန်းက အင်မတန်မှ စိတ်ထဲမှာ ခံစားဖူးတယ်။ အဲဒီတော့ ဒီပုံပြင်အကြောင်း ကို Grimm ညီနောင်ရဲ့ ပုံပြင်က ဘယ်လို၊ အီစွတ် ပုံပြင်က ဘယ်လိုစသဖြင့် စာရေးမလို့ဆိုပြီး ပြန်ဖတ်ကြည့်တဲ့အခါကျတော့ Hansel und Gretel ကို ဖတ်ကြည့်လိုက်တော့ ကျွန်တော့် စိတ်ထဲမှာ မေ့လို့မရတော့ဘူး။ ငယ်တုန်းက ခံစားမှုက မရတော့ဘူး။ အဲဒီတော့ ကလေးတွေက အင်မတန်မှ ထိခိုက်ခံစားလွယ်ပါလား ဆိုတာကို အဲဒီအချိန်မှာ တွေးမိ နှိုင်းယှဉ်ပြီး သတိရ လိုက်တယ်။ ကျွန်တော်တို့က အသက်ကြီး လာတော့ အတွေ့အကြုံတွေက မျိုးစုံဖြစ်လာတော့ ကျွန်တော်တို့ နှလုံးသားကြီးက တော်တော် ထူထဲ ကြမ်းတမ်းလာတယ်။ တော်ရုံတန်ရုံလည်း မထိမရှတော့ဘူး။ မခံစားတော့ဘူး။ လူကြီးတွေ ဒီလိုပုံပြင်လေးတွေ စိတ်မဝင်စားတော့ဘူးလား ဆိုတော့ မဟုတ်ဘူး။ သို့သော် စိတ်ဝင်စားအောင် ဆိုရင် ကလေးလို ခံစားအောင် နေရမယ်။ ကလေးတုန်းကကျတော့ ပြန်စဉ်းစားရင် ဒီကလေးတွေ က အမေမရှိတော့ဘူး။ အမေ မရှိတော့ဘူး ဆိုတဲ့ အကြောင်းရင်းက အများကြီး ခံစားသွားရတယ်။ မိထွေးနဲ့ နေရတယ်။ နေရတယ်ပေါ့။ ကလေးတွေ စာတစ်ကြောင်းနဲ့ ခံစားလို့ရတယ်။ လူကြီးတွေ ခံစားအောင် ဒေါသထွက်အောင် မျက်ရည်ကျအောင် ဆိုရင် ဇာတ်နာအောင် ရိုက်ရတယ်။ လူကြီးတွေ ဖတ်တဲ့ ဝတ္တုတို့ဆိုရင် တော်တော် ဇာတ်နာအောင် လုပ်ရတယ်။ ဇာတ်လမ်းတွဲတွေ ဘာတွေဆိုရင် ဇာတ်တွေ မနာ နာအောင် ထုထောင်း၊ ရိုက်နှက်နေတာ တွေ့တယ်။ ဆိုးတဲ့လူက လည်း အများကြီးဆိုးတယ် စသဖြင့်ပေါ့။ ကလေးတွေကျတော့ နည်းနည်းလေးနဲ့ အများကြီး ခံစားလို့ရတယ်။

 

နောက်တစ်ခုက ဘာလဲဆိုတော့ ကလေးတွေအတွက် ရေးထားတဲ့ စာပေတွေ ကြည့်လိုက်ရင် မကောင်းတာကို သိပ်မပါဘူး။ မကောင်းတာကို တော်တော်ကို လိုက်ရှာရမယ့်သဘောမှာရှိတယ်။ အဲဒါတွေက ကလေးတွေရဲ့ စိတ်ကောင်း နှလုံးကောင်းတွေကို ပေးတဲ့ စာပေတွေ များတယ်။ တရားတာ၊ မတရားတာ စသဖြင့်ပေါ့။ ခွဲခွဲခြားခြား ပြတ်ပြတ်သားသားပြတဲ့ဟာတွေ များတယ်။ ဖတ်ကြည့်လိုက်ရင် ကလေးတွေက သိနေတယ်။ မှတ်မိပါတယ်။ မညားတာ မကြိုက်ဘူး။ ညားတာကြိုက်တယ်။ မမှန်တာ မကြိုက်ဘူး။ မှန်တာပဲ လိုချင်တယ် မကောင်းတာကို သိတယ်။ ရှောင်ရမယ် စသဖြင့် အဲဒီလိုဟာလေးတွေ တကယ်ကို လိုပါတယ်။ ကလေးတွေ ဖတ်တဲ့ ကလေး တွေက ခံစားလွယ်တယ်။ မှတ်မိလွယ်တယ်။ အဲဒီလိုပဲ ကလေးတွေရဲ့ စာပေလေးတွေကို အထူးသဖြင့် စာလေးတွေက တိုတိုတုတ်တုတ်နဲ့ သင်ခန်းစာတွေ ပေးလို့ရတယ်။

 

ဥပမာ အီစွတ်ပုံပြင်များဆိုတဲ့ စာအုပ်ကို မှတ်မိကြလိမ့်မယ်။ ငယ်ငယ်တုန်းက ဖတ်ဖူးပေမယ့် မေ့ရင် မေ့နေလိမ့်မယ်။ အခုနေများ အီစွတ် ပုံပြင်များဆိုတဲ့ စာအုပ်ကို ပြန်ဖတ်ကြည့်လိုက်ရင် ပုံပြင် ၁၀၀ မှာ ၉၀ လောက်က တစ်မျက်နှာ တစ်ဝက်လောက်ပဲ ရှိတယ်။ အင်္ဂလိပ်ဘာသာဆိုရင် ပိုတောင်မှ တိုသေးတယ်။ စပျစ်သီးချဉ်တယ် ဆိုတာလည်း သိသွားတာပဲ။ စပျစ်သီးတွဲကြီးကို မြေခွေးက ခုန်ပြီး စားဖို့ကြိုးစားတယ်။ မမှီတဲ့အခါကျတော့ ဒါ ချဉ်ပါတယ်ကွာ ဆိုပြီး ထွက်သွား တယ် ဆိုတဲ့အကြောင်း။ ပုံပြင်က စပျစ်သီး ချဉ်တယ်။ နောက်တစ်ဆင့် ထပ်တွေးရင် တချို့ လူတွေသည် အဲဒီစပျစ်သီးဆိုတဲ့ အရာကို သူမရတဲ့အခါကျတော့ မကောင်းပြောပါလား ဆိုပြီး တွေးမိတာပေါ့။ ဒီလိုဟာမျိုးတွေ ရှိပါတယ်။ ပုံပြင်လေးတွေ တိုတိုလေးတွေ။ ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ပုံပြင်။ ယုန်က ဘဝင်မြင့်ပြီးတော့ အိပ်နေတာကြောင့်မို့ လိပ်ကိုတောင် ရှုံးသွားတယ်။ လိပ်က ဝိရိယ ကောင်းတဲ့အတွက် နိုင်သွားတယ်။ ဒီပုံပြင်တိုလေးတွေနဲ့ ကျွန်တော်တို့ ခေါင်းထဲကို အသိဉာဏ် ရလာတယ်။

 

ကလေးတွေအတွက် စာပေတွေမှာ ပါပါတယ်။ စဉ်းစားကြည့်ရင် ကလေးစာပေဆိုတာ ပုံပြင်တွေ က အဓိပ္ပာယ် အသိလေးတွေ ပေးတာပဲ။ အထူးသဖြင့် ကလေးစာပေနဲ့ အသိပညာနည်း နဲ့ လူကြီးတွေ ရှိပါတယ်။ သို့သော် ဒီခေတ်မှာ ကလေးစာပေသည် အင်မတန်မှ တိုးတက်လာတာ ရှိပါတယ်။ သူများတိုင်းပြည်ရဲ့ ကလေးစာပေတွေ များကြီး တိုးတက်တယ်။ ကလေးစာပေ ပွဲတော်ဆိုပြီး လုပ်တဲ့အခါမှာ ကလေးတွေ စာဖတ်ဖို့၊ ဝါသနာ ပါသွားဖို့ဆိုပြီး ဒီလို ကလေးတွေ စာဖတ်လာတဲ့အတွက်ကြောင့် ကလေးစာပေတွေ ပိုပြီး ထွန်းကားလာရင် ကလေးစာကောင်း ပေကောင်းတွေ ရေးတဲ့လူတွေလည်း ပေါ်လာမယ်။ ကလေးတွေအတွက် စာကောင်း ပေကောင်း တွေလည်း ကျွန်တော်တို့ဆီကို ဝင်လာမယ်။ နမူနာလေးတစ်ခု ပြောပါမယ်။ ကလေးတွေက ရှေးတုန်းက ရှိခဲ့တဲ့ ပုံပြင်တွေကရတဲ့ အသိတွေနဲ့ လောကကြီးအကြောင်း၊ လူတွေအကြောင်း အများကြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သိနိုင်ပါတယ်။ ဒါ့အပြင် လူကြီးတွေ သိနေတဲ့ အသိတွေကိုလည်း အနည်းအကျဉ်း ဆိုပေမယ့် ကလေးတွေ စောစောစီးစီး ငယ်ငယ်ရွယ်ရွယ်က သိဖို့ လိုအပ်တယ်။ ဒါမှသာ လူ့အဖွဲ့အစည်းထဲမှာ ဆက်ပြီးတော့ အဆင်ပြေပြေနဲ့ သွားနိုင်မယ်။ နိုင်ငံတကာက ကလေးစာပေတွေ ထုတ်နေပြီ။ ကလေးတွေကို ရည်ရွယ်ပြီးတော့ ကလေးတွေကို ခုခေတ် လူကြီးတွေရဲ့ အမြင်တွေ အတွေးတွေ စောစောစီးစီး သိရအောင် ဆိုပြီး ရေးသားထားတဲ့ စာအုပ် စာပေတွေ ရှိတယ်။

ဥပမာ အသက် ၅ နှစ်အရွယ်လောက် စပြီး စာဖတ်တတ်တဲ့ အရွယ်ကစပြီး ကလေးတွေ ဖတ်မယ့် စာအုပ်တစ်အုပ် စာအုပ်ဆိုင်တွေမှာ တန်းစီထားတယ်။ စာကြည့်တိုက်မှာ စာအုပ်တွေ စီစဉ်ထား မယ် ဆိုရင် ၄ နှစ် ၅ နှစ်အရွယ်ဆိုတဲ့ စင်မှာတွေ့တဲ့ စာအုပ်တွေကို ရှာကြည့်တော့ စာအုပ်မှာ စာထက် ပုံတွေ များပါတယ်။ ပုံကြီးကြီးနဲ့။ ပုံကဘာလဲဆိုတော့။ ကြက်ဖကြီးလိုလို။ ခေါင်းစဉ်ကဘာလဲ ဆိုတော့ Do Do တဲ့။ Do Do ဆိုတော့ ငှက်လိုလို ကြက်လိုလို အကောင်ကြီး တစ်ကောင်။ Do Do ဆိုတဲ့ အကောင်ကြီးရဲ့ အကြောင်း ရေးထားတယ်။ ဒီအကောင်ကြီးကတော့ Do Do လို့ခေါ်တယ်။ ဒီအကောင်ကြီးက ကြက်ထက်လည်း နည်းနည်း ကြီးတယ်။ ကြက်ဆင် အရွယ်လောက် ရှိတယ်။ ဒီအကောင်ကြီးက ခန္ဓာကိုယ် ကြီးသလောက် အတောင်တွေ ကျတော့ သေးတယ်။ အမြီးကတော့ တိုတယ်။ ဒီအကောင်ကြီးက မပျံနိုင်ဘူး။ ကိုယ်လုံးက ကြီးပြီး ခြေထောက်က သေးတဲ့အတွက်ကြောင့် သိပ်လည်း မြန်မြန် မပြေးနိုင်ဘူး။ ခြေသည်းလက်သည်း တွေ ကျတော့ ဟင်္သာလိုလို၊ လင်းယုန်လိုလို ရှိတယ်။ ဒီ Do Do ဆိုတဲ့ အကောင်ကြီး အကြောင်းကို စိတ်ဝင်စားဖွယ် ကောင်းအောင် သုံး လေး ငါးကြောင်းလောက်နဲ့ ရေးသားထား တယ်။ ကလေးက စိတ်ဝင်စားသွားတယ်။ ပြီးတော့ ဘာဆက်ရေးလဲ ဆိုတော့ အဲဒီ Do Do ကြီးကို စိတ်ဝင်စားလို့ သွားကြည့်ချင်ရင် တွေ့ရမှာ မဟုတ်ဘူးကွာတဲ့။ တိရစ္ဆာန်ရုံမှာ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအကောင်ကြီးက နှစ်ပေါင်း တော်တော်များများကတည်းကပဲ မရှိတော့ဘူးတဲ့။ အကုန်လုံး ပျက်စီး ကုန်ကြပြီ။ ပျောက်ဆုံးကုန်ကြပြီတဲ့။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ပြေးလည်း မပြေးနိုင်။ ပျံလည်း မပျံနိုင်ဆိုတော့ တခြားသတ္တဝါတွေက ဖမ်းပြီးတော့ စားတယ်။ ဆိုလိုတာက ပတ်ဝန်းကျင်မှာ တိရစ္ဆာန်လောကကြီးထဲမှာ တချို့ သတ္တဝါတွေ မျိုးသုဉ်း ပျောက်ကွယ်သွားတဲ့ နှမြောစရာကောင်းတဲ့ အနေအထားကို စာရေးပြထားတာ။ စာတစ်မျက်နှာတည်းမှာ ပုံနဲ့ စာကြောင်းလေးက ဆယ်ကြောင်းတောင် မပြည့်ဘူး။ အခုခေတ် ပြောတဲ့ သဘာဝ ပတ်ဝန်းကျင် အကြောင်း၊ ဘာတွေ ဘာတွေ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အကြောင်း။ ကလေးစိတ်ကူးထဲမှာ လွယ်လွယ်လေးနဲ့ သိသွားမယ်။ အဲဒီပုံပြင် စာအုပ်လေးတွေ ဖတ်ရတဲ့ ကလေးတွေသည် စောစော စီးစီးကပင် လူကြီးသိတဲ့ အသိလေးတွေ ရှိနေမှာပဲ ရှိလာနိုင်မှာပဲ။ ၉ နှစ် ၁၀ နှစ် လောက်ဆိုရင် တော်တော်သိနေမှာပဲလို့ ကျွန်တော်ထင်တယ်။

 

အဲဒီလို ထင်တဲ့အတိုင်းပဲ တစ်နေရာမှာ ကလေးတစ်ယောက်ကို တွေ့တယ်။ ဒီဟာလေးနဲ့ ဆက်စပ် ပြီးတော့ ပြောချင်ပါတယ်။ နော်ဝေနိုင်ငံကို ခဏရောက်ပါတယ်။ အဲဒီမှာ ရှိတဲ့ မြန်မာမိသားစု တစ်စု အဲဒီမှာ ညနေဘက် သူတို့ဧည့်ခံတော့ တော်တော်များများ တွေ့ဆုံ စကားပြောဖြစ်ကြ၊ စားကြသောက်ကြပေါ့။ နော်ဝေမှာ ကျောင်းတက်နေတဲ့ မြန်မာတွေရဲ့ သားသမီးလေးတွေနဲ့ ကျောင်းမှာ ဘာတွေသင်ရလဲ ဆိုတဲ့ အကြောင်းတွေ မေးပါတယ်။ စကားပြောခိုင်းတဲ့အခါကျတော့ သိပ်များများ မပြောတတ်ပါဘူး။ သို့သော် ဘယ်အချိန်မှာ စကားစပ်မိသွားသလဲဆိုတော့ အဲဒီမှာ ရှိတဲ့ ဧည့်ခံတဲ့သူတွေက ခင်ဗျားတို့ ဘာစားချင်သလဲ ဆိုပြီး မေးတော့ ဟိုအရပ်ဒေသ ဒီအရပ်ဒေသ ရောက်တော့ အဲဒီအရပ်ဒေသမှာ ဘာတွေ ရှိသလဲ အဲဒါမျိုး စားချင်လဲ မေးတယ်။ ကျွန်တော်က သူများတွေနဲ့စာရင် အနည်းငယ် နည်းတယ်လို့ထင်တယ်။ စားဖူးတယ်ရှိအောင်တော့ စမ်းပြီး မြည်းစားကြည့်တယ်။ နော်ဝေက အိမ်ရှင် မိတ်ဆွေတွေက ထမင်းကျွေးရင် ဘာစားချင်လဲ မေးတဲ့အခါကျတော့ ဝေလငါးစားလို့ မရဘူးလား။ နော်ဝေက အရင်က ဘာတွေ ဖမ်းတဲ့ ဆီးတဲ့နေရာဆိုတော့ ဝေလငါး စားလို့ မရဘူးလား ဆိုတော့ သူတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ဘာတို့ညာတို့ ကာကွယ်စောင့်ရှောက် တာတွေ အကန့်အသတ်တွေ ရှိပါတယ်။ စားချင်ရင် ရှာရင်တော့ ရနိုင်ပါတယ်။ စောစောက မေးမြန်းခဲ့တဲ့ ကလေးတစ်ယောက်က ထလာပြီး ဝေလငါးက မစားသင့်တဲ့အကြောင်း ပြောချင်ပါတယ်တဲ့။ ဝေလငါးကို မစားသင့်တဲ့အကြောင်းကို တော်တော် Lecture ရိုက်တာပေါ့နော်။ ကျွန်တော် တော်တော် သဘောကျတယ်။ ဒီကလေးတွေ က စောစောက ကျွန်တော်ပြောခဲ့တဲ့ Do Do ကြီးအကြောင်းလိုမျိုး။ လူကြီးတွေရဲ့ မှတ်သားထားတဲ့ Concept တွေ နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ဖတ်ပြီး ကြီးပြင်းလာခဲ့တဲ့ကလေးတွေ ပါလားဆိုပြီး ကျွန်တော် သဘောကျတယ်။

 

ကျွန်တော်တို့သည် ကျွန်တော်တို့ ကလေးတွေကို ငယ်စဉ်အရွယ်ကတည်းက စပြီးတော့ စာအုပ်စာပေတွေ စီစဉ် ဆောင်ရွက်ပေးမယ်ဆိုရင် ကလေးများသည် အသက်အရွယ် အတော် အတန် ရလာသည်နှင့် အမျှ အသိပညာ ဗဟုသုတတွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။ နည်းနည်းလေး အရွယ်ရောက်တဲ့အချိန်မှာ သူ့ပတ်ဝန်းကျင်၊ သူ့အဖွဲ့အစည်းထဲမှာ သူတို့ လုပ်သင့် ကိုင်သင့်တဲ့ အလုပ်၊ ဘယ်နေရာမှာ ခံယူသင့်တဲ့အသိ စသဖြင့် ဘာတွေ ဆောင်ရွက်သင့် တယ်ဆိုပြီး သူတို့ အရွယ်ရောက်တဲ့ အချိန်မှာ ပြည့်စုံပြီးသား ဖြစ်နေပြီဆိုတဲ့ အနေအထားလေး တွေ့ပါတယ်။

 

ခုနက ပြောတဲ့အတိုင်း မိဘများ၊ ဆရာများ အနေဖြင့် ကျောင်းသင်ခန်းစာ အပြင် အထူးရိုက်နှိပ် ထားတဲ့ စာပေတွေ ဖတ်ပြီး ကလေးများကို အသိတွေ ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ဆောင်ပုဒ်တွေ ရေးထားတာ ရှိပါတယ်။ အိမ်တစ်အိမ် စာအုပ်စင် တစ်စင်၊ ကျောင်းတစ်ကျောင်း စာကြည့်တိုက် တစ်တိုက်ဆိုပြီး။ ငယ်ရွယ်စဉ်မှာ စာအုပ်စာတမ်းတွေ ထိတွေ့နေတတ်တဲ့ကလေး တွေသည် စာအုပ်ထဲက အသိပညာ ဗဟုသုတတွေ ရရှိနိုင်တဲ့အတွက်ကြောင့် ကျန်တဲ့ကလေးတွေ ထက် ပိုပြီး ထူးချွန်တဲ့ အောင်မြင်တဲ့ လူတော် လူကောင်းလေးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အခု တက်ရောက်လာကြတဲ့ လူကြီးမင်းများ၊ ဌာနဆိုင်ရာ အကြီးအကဲ ပုဂ္ဂိုလ်များ၊ ဆရာ/ဆရာမ များ အားလုံးက ကလေးများအတွက် စာအုပ်စာပေ ဖတ်ရင်း ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေး ကြပါလို့ မေတ္တာရပ်ခံရင်း ဒီမှာပဲ ရပ်နားခွင့်ပြုပါ။