ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်၂နှစ်အောက် ကလေးများ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက် ရှင်းလင်းပွဲတွင် ပြောကြားသည့် အမှာစကား

Fri, 03/31/2017 - 12:33 -- moi-admin

ယခုလာရောက်သည့် အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အာဟာရပြည့်၀ရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်း အခြေအနေကို သိရှိနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း။

ကလေးများ၏ အာဟာရပြည့်၀ရေး ဆိုသည်မှာ ကလေးများ၏ တစ်သက်တာ အတွက် ဖြစ်ကြောင်း၊ အသက် ၂ နှစ်အောက် ကလေးများသည် အာဟာရ ပြည့်ဝပါက ပိုမို ဦးနှောက်ဖွံ့ဖြိုးမှု ရှိသည်ကို သုတေသန မှတ်တမ်းများ အရ သိရှိရကြောင်း၊ သားသမီးများ ပြုစု ပျိုးထောင်ရေးကို မိခင်များ၏ အလုပ်ဟု သတ်မှတ်နေကြပါ ကြောင်း၊ မိသားစုတစ်စု ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် မိသားစု ဝင်တိုင်းတွင် တာဝန်ရှိပါကြောင်း၊ မိဘ များက တာဝန်သိသည့်စိတ် ရှိမှ သားသမီးများသည် တာဝန်သိသည့်စိတ်နှင့် ကြီးပြင်းလာ မည် ဖြစ်ပါကြောင်း။

မိဘများ အနေဖြင့်မိမိတို့၏ သားသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်နေသကဲ့သို့ အစိုးရ အနေဖြင့်လည်း ပံ့ပိုးပေးရမည့် တာဝန်ရှိပါကြောင်း၊ ယင်းပံ့ပိုးမှုများကို အကောင်းဆုံးဖြစ်အောင် အသုံးချနိုင်ရေးသည် ပြည်သူလူထု၏ တာဝန်ဖြစ်ပါကြောင်း၊ မိမိတို့သည် ရေရှည်အမြင်ဖြင့် အရာအားလုံးကို ကြည့်ရန် လိုအပ်ပါကြောင်း၊ ယခုအခါ ကလေးတစ်ယောက် ပိုမိုဖွံ့ဖြိုးနိုင်ရန် အာဟာရ ပြည့်၀ရေး အစီအစဉ်ကို လုပ်ဆောင်နေပါကြောင်း၊ မိခင်ဝမ်းထဲ၌ သန္ဓေတည်သည့် အချိန်မှ စ၍ အသက် ၂နှစ်အရွယ်အထိ အချိန်ကာလသည် ကလေး၏ ဦးနှောက်နှင့် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးရေး အတွက် အင်မတန်မှ အရေးကြီးသည့် ကာလဖြစ်ပါကြောင်း။

မိသားစုတစ်စု ဖွံ့ဖြိုးတိုးတက်ရန် မိသားစုဝင်တိုင်း ပါဝင်ရမည် ဖြစ်သကဲ့သို့ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ ပြည်သူလူထု ပါဝင်မှ လုပ်သမျှကိစ္စများ အောင်မြင်မည်ဟု ထပ်တလဲလဲ ပြောကြားခဲ့ပါကြောင်း၊ အားလုံးအတူတူ လုပ်ဆောင်ပါက မိမိတို့လိုချင်သည့် ပန်းတိုင်သို့ ရောက်ရှိ နိုင်မည်ဖြစ်ကြောင်း၊ မျှော်လင့်ချက်ကို အမြဲရှင်သန်အောင် ထားရန်လိုပြီး ယင်း မျှော်လင့်ချက် ပြည့်၀ရန်အလုပ်ဖြင့်သာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ပြော ကြားသည်။

မိမိတို့ အစိုးရသည် မွေးကင်းစတောင် မဟုတ်သေးဘူးဟု ပြော၍ရပါကြောင်း၊ သို့ရာတွင် အလုပ်လုပ်ရန် အတွက် မနှောင့်နှေးပါကြောင်း၊ အားလုံး၏ ကျေနပ်မှုရရန် မိမိတို့ ကြိုးစားမည် ဖြစ်ပါကြောင်း ပြောကြားပြီး “ပြည်သူလူထုကလည်း ပြောသင့်တာကို ပြောပါ၊ ကိုယ်လုပ်သင့်တာကိုလည်း လုပ်ပါ၊ ဒါပေမယ့် သည်းခံသင့်တဲ့ နေရာမှာလည်း သည်းခံပါ၊ သည်းမခံသင့်တဲ့ နေရာမှာတော့ သည်းမခံပါနဲ့၊ သည်းမခံသင့်တဲ့ နေရာမှာ သည်းခံပါက ဝန်ကြီးချုပ်ကြီး ပျင်းလာဦးမယ်၊ အားလုံးက တွန်းအားပေးသင့်တဲ့ နေရာမှာ တွန်းအား ပေးကြပါလို့ ကျွန်မအနေနဲ့ အားလုံးဝိုင်းပြီးတော့ ကူညီဖို့အတွက် မေတ္တာရပ်ခံပါတယ်”ဟု ပြောကြားခဲ့သည်။

Featured News: 
0