ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ရန်လိုအပ်နေသည့် ဦးစားပေးနယ်ပယ် (၅) ခုတွင် နည်းပညာအထောက်အပံ့များ ဆောင်ရွက်သွားမည်

Fri, 03/31/2017 - 10:17 -- moi-admin

ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း (Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြီး သတ်ရေးဆွဲပြီးဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP) အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

ယနေ့ ကမ္ဘာ့ စီးပွားရေးတိုးတက်မှုကို ကမ္ဘာ့ဘဏ်က ၂ ဒသမ ၉ ရာခိုင် နှုန်းခန့်မှန်းထားခဲ့သော်လည်း ယခုနောက်ဆုံး ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျလာပါကြောင်း၊ လျော့ကျလာရသည့်အကြောင်းရင်းများမှာ ဖွံ့ဖြိုး ပြီးနိုင်ငံကြီးများ၏ စီးပွားရေးနှေးကွေးလာမှု၊ ကုန်စည်ဈေးနှုန်းများ ကျဆင်းလာမှု၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်အား လျော့လာမှု၊ အဆင့်မြင့်စီးပွားရေး ဈေးကွက်များတွင် ဝယ်လိုအားကျဆင်းလာမှု၊ အရင်းအနှီး စီးဆင်းမှုနှေးသွားမှု စသည့် အကြောင်းရင်းများကြောင့် ဖြစ်ပါကြောင်း၊ တိုးတက်မှု နှေးကွေးသည့် စီးပွားရေး အခြေအနေနှင့် စီးပွားရေးမူဝါဒထိန်းညှိမှု ဆောင်ရွက်ချက်များကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကမ္ဘာ့စီးပွားရေး ဖွဲ့စည်းတည်ဆောက်မည့် ပုံစံကို ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်လာပါကြောင်း၊ ၂ဝ၁၇ ခုနှစ် World Economic Forum အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ရမည့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း။

IMF ၏ ၂ဝ၁၆ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှုနှုန်း ဒုတိယ အမြင့်ဆုံး နေရာတွင် ရှိနေပါကြောင်း၊ သို့သော်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့်အမျှ အာရှဒေသတွင် စီးပွားရေး အင်အားကြီးနိုင်ငံများ၏ စီးပွားရေးသည်လည်း နှေးကွေးလာခဲ့ပါကြောင်း၊ ယခုလိုအချိန်တွင် မိမိတို့နိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် အလျင်အမြန် ပေါင်းစည်းရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန်ပေါင်းစည်းနိုင်ရန် အရေးကြီးလှပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးမူဝါဒ(၁၂)ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ချမှတ်ရာတွင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals- SDGs) ထဲမှ လူတိုင်းအတွက် သင့်တော်သည့် အလုပ်အကိုင်ရရှိစေပြီး အားလုံးပါဝင် ရေရှည်တည်တံ့မည့် စီးပွားရေး တိုးတက်မှုမြှင့်တင်ရေး၊ ရေရှည်တည်တံ့သည့် စားသုံးမှု - ထုတ်လုပ်မှုပုံစံများ အခိုင်အမာ ပေါ်ပေါက်လာရေး ဆိုသည့် ပန်းတိုင် (၂)ရပ်နှင့်ကိုက်ညီအောင် ရေးဆွဲထားပါကြောင်း၊ Medium Term Programme သည် နောက် (၅)နှစ်အတွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၌ ထောက်ပံ့ရန်လိုအပ်နေသည့် ဦးစားပေးနယ်ပယ် (၅) ခုတွင် ကုန်သွယ်ရေး ဆိုင်ရာနည်းပညာ အထောက်အပံ့များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာပါ အချက်အလက်များ၊ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ရာတွင် WTO ၏ ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်တွင် ပါဝင်သည့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများဖော်ထုတ်ရေးဆွဲခြင်း၊ စီမံကိန်းအဆိုပြုလွှာများ တင်သွင်းခြင်း၊ WTO, EIF အတွင်း ရေးမှူးရုံး၊ ဘဏ္ဍာရေးမှူးနှင့် သက်ဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များမှ စီမံကိန်း အဆိုပြုလွှာများအား ဆန်းစစ်ခြင်း၊ စီမံကိန်းများအား သဘောတူခွင့်ပြုခြင်း၊ စာချုပ်စာတမ်းများနှင့် ဘဏ္ဍာငွေစီးဆင်းမှုများ စီမံဆောင်ရွက်ခြင်း၊ အတည်ပြုထားသည့် စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စီမံကိန်းများ ချောမွေ့လျင်မြန်စေရန် ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်အကဲ ဖြတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို သေချာစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်မည့် သက်ဆိုင်ရာ ဌာနများအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်များ အနေဖြင့်လည်း လိုအပ်သည့်နည်းပညာဆိုင်ရာ အကူအညီများနှင့် ငွေကြေး အထောက်အပံ့များကို ပူးပေါင်းပါဝင်ပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

Featured News: 
1