နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

Wed, 04/19/2017 - 07:20 -- moi-admin

(၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာမြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာ အခါသမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးမြေခြားတိုင်းတစ်ပါးမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

နှစ်သစ်ရောက်တဲ့အခါတိုင်းမှာ ပြီးခဲ့တဲ့နှစ်ကို ပြန်ပြောင်းသတိရဆင်ခြင်သုံးသပ်ပြီး ရှေ့တစ်နှစ်တာ ဆက်လက် လျှောက်လှမ်းရမယ့် ခရီးအတွက် ဆောင်ရွက်ဖွယ်ရာများကို ကြံဆတွေးတောပြီး အားသစ်ခွန်သစ်တွေ မွေးကြရစမြဲပါ။

တစ်နှစ်တာကျော်လွန်ခဲ့ပြီးဖြစ်တဲ့ ကျွန်တော်တို့အစိုးရသစ်ရဲ့ လမ်းခရီးမှာ အောင်မြင်မှုတွေရှိခဲ့သလို ရှေ့မှာ စိန်ခေါ် မှုတွေလည်း ဆက်လက်ရင်ဆိုင်ကျော်လွှားရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ လုပ်ငန်းသဘောသဘာဝအရ အလွန်နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့် သတိကြီးစွာနဲ့ အစစအရာရာမှာ အထူးသတိထား ဆောင်ရွက်နေရပါတယ်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်က ကြိုးပမ်းနေတဲ့အချိန်မှာ ဒီနိုင်ငံရေး ဖြစ်စဉ်ကြီးအတွက် ပြည်သူတွေက စေတနာနဲ့ထည့်ဝင်လှူဒါန်းငွေ သန်းထောင် ပေါင်းများစွာကို လက်ခံရရှိခဲ့ပါတယ်။ ဒါဟာ ရှေ့ဆက်ရမယ့် ခရီးအတွက် အားရ ဖွယ်ရာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အလှူဟာ ဘာကိုပြသလဲဆိုရင်၊ ပြည်သူတွေဟာ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ဆာလောင် မွတ်သိပ်နေကြတယ်၊ ငြိမ်းချမ်းတဲ့ဘ၀ ကို ဘယ်လောက်လိုချင်နေကြတယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နိုင်ငံတော်ရဲ့ အတိုင် ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးနဲ့ ဆွေးနွေး ညှိနှိုင်းအဖြေရှာ နေကြတဲ့အပေါ်မှာ ဘယ်လောက်ယုံကြည်အားထားမှုရှိတယ် ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်အတွင်းမှာ ပြည်သူတွေ အတွက် ဝမ်းမြောက်ဖွယ်ရာ ရလဒ်ကောင်းများ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါ တယ်။

ပြည်သူအများရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မားရေးကို ဆောင်ရွက်တဲ့နေရာ မှာလည်း အားပေးကူညီချင်တဲ့ နိုင်ငံအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဟာ အထောက်အပံ့၊ ချေးငွေ၊ နည်းပညာအကူအညီစတာတွေကို သိသာထင်ရှားစွာ တိုးမြှင့်ပေးလာကြတာကို တွေ့ မြင်ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရရဲ့ စီးပွား ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့်လည်း ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီနေရာမှာ ပြည်သူတွေကို အသိပေးပြောကြားလိုတာ တစ်ခုတော့ရှိပါတယ်။ အဲဒါက နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ပနိုင်ငံအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ အကူအညီတွေရရှိတဲ့နေရာမှာ ထောက်ပံ့ရရှိငွေကို တိုင်းပြည်အတွက်၊ ပြည်သူတွေ အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုအသုံးချမယ်ဆိုတာ အလေးထားပြီး ရွေးချယ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ၊ ပြည်ပချေးငွေ စသည်တို့နဲ့ လုပ်ငန်းစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် အထူးပြောဖွယ်ရာမရှိတော့ပါ။ လုပ်ငန်း စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုရင် ရှေးဦးစွာ အဲဒီ လုပ်ငန်းစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ရပါတယ်၊ အဲဒါက အဓိကကျပါတယ်။

လုပ်ငန်းပမာဏနဲ့ လုပ်ငန်းသဘောသဘာ၀ အရ၊ ဒီလိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုတစ်ခုဟာ လပိုင်းအတွင်း အဖြေရနိုင်သလို တချို့က နှစ်နဲ့ချီပြီး ကြာ တတ်ပါတယ်။ အဲဒီရရှိလာတဲ့ ဖြစ်မြောက်နိုင်စွမ်း လေ့လာသုံးသပ်မှုအပေါ် အခြေ ခံပြီး လုပ်ငန်းများကို စတင် အကောင်အထည်ဖော်ရပါတယ်။

ဒါကြောင့်မို့ နှစ်ပိုင်းအတွင်း အကောင်အထည်ဖော်နိုင်တဲ့ လုပ်ငန်းများရှိသလို နှစ်အတော်ကြာမှ အကောင်အထည်ဖော်နိုင်တဲ့ လုပ်ငန်းများလည်းရှိပါတယ်။ အဲဒီ အတွက်ကြောင့်လည်း လုပ်ငန်းစီမံကိန်းသစ်တွေရဲ့ ကောင်းကျိုးရလဒ်တွေကို နှစ်ပိုင်းအတွင်း တွေ့ မြင်ခံစားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။

ယူသင့်ယူထိုက်တဲ့ အချိန်ယူလေ့လာမှုကို မပြုလုပ်ခဲ့ရင် ကောင်းကျိုးထက် အပြစ်တွေက များတတ်ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ပြုန်းတီးမှုဖြစ်ပြီး နိုင်ငံတော်အပေါ် မှာလည်း ဝန်ထုပ်ဝန်ပိုးကြီး ကျရောက်စေပါတယ်။ သက်သေသာဓက တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတော်က တာဝန်ယူလုပ်ကိုင်နေတဲ့ စီမံကိန်း များစွာအနက်က ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ပြုန်းတီးမှု ဆက်လက်မဖြစ်စေရေး အတွက် လုပ်ငန်းစီမံကိန်းငါးခုကို လုံးဝပိတ်သိမ်းဖို့နဲ့ လုပ်ငန်းစီမံကိန်း ၂၈ ခုကို လတ်တလော ရပ်ဆိုင်းထားဖို့ မတ်လအတွင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးက အတည်ပြု အဆုံးအဖြတ်ပေးခဲ့ရတဲ့ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီနေရာမှာ လူနေမှုဘဝအခက်အခဲများစွာကို ရင်ဆိုင်ရုန်းကန် ဖြတ်ကျော်နေတဲ့ကြားက နိုင်ငံတော်အစိုးရအပေါ် ယုံကြည် စိတ်ရှည်စွာနဲ့ နားလည်မှု ပေးနေတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို ကျွန်တော့်အနေနဲ့ အထူးကျေးဇူးတင်ပါ ကြောင်းကို အလေးအနက်ပြောကြားလိုပါတယ်။ အခြေအနေအရပ်ရပ်ကို ခြုံငုံ သုံးသပ်မယ်ဆိုရင်၊ ကျွန်တော်တို့အစိုးရဟာ ပြည်သူတွေရဲ့ နားလည်လက်ခံမှုကို ရရှိပြီး၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီကနေ့ ကမ္ဘာ့ရေးရာ အခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း မူဝါဒရေးရာ အပြောင်းအလဲနဲ့ ဦးတည်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ ဖြတ်သန်း နေရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးစား လျှောက်လှမ်းနေရပေမယ့် မျှော်လင့်အားထားစရာ အကောင်းဆုံးအနေအထား တစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အမျိုးသားရင် ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသည်သာ တစ်ခုတည်းသော အဖြေဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး စိတ်ဝမ်းမကွဲ ဆိုးတူကောင်းဖက် ဒီလမ်းကြောင်းကို လက်တွဲ လျှောက်လှမ်းနိုင်ကြမယ်ဆိုရင် အများပြည်သူတွေ မျှော်လင့်စောင့်စား နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ခရီးဟာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ မကြာမီမှာ ကျွန်တော်တို့ ပန်းတိုင်ကိုရောက်အောင် အောင်မြင်စွာ လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါ တယ်။
တိုင်းရင်းသားမျိုးနွယ်စုပေါင်း တစ်ရာကျော် မှီတင်းနေထိုင်တဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးမှာ မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားတစ်ရပ်အဖြစ် ရောက်ရှိလာအောင် ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ ဘာသာတရားရဲ့ အဆုံးအမ၊ ရိုးသားပြီး မြင့်မြတ်တဲ့ စာရိတ္တ၊ ယဉ်ကျေးပြီး သဟဇာတဖြစ်တဲ့ ဓလေ့ တွေနဲ့ ဖက်ဒရယ် အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်သွားကြရမှာဖြစ်ပါ တယ်။ ဖက်ဒရယ်ဆိုတာ မတူကွဲပြားမှုတွေကို လိုက်လျောညီထွေ ပေါင်းစည်းပြီး ညီညွတ်မှုအင်အားကို တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ပြည်သူများ အတွက် ဝမ်းမြောက်ဖွယ်ရာ ရလဒ်ကောင်းတွေ ဆောင်ကြဉ်းလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြင်ဆင်ပြောင်းလဲထားတဲ့ စီးပွားရေးနယ်ပယ် အခင်းအကျင်း တွေအရလည်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာ ရရှိလာနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
စိတ်ရှည်သည်းခံ စောင့်ဆိုင်းနေကြတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူနဲ့အတူ နှစ်သစ် မှာ ဆတက်ထမ်းပိုး တိုးတက်ကောင်းမွန် လာအောင်လည်း ကြိုးစားသွားကြ မှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲမဖြုတ်ဘဲ ဆက်လက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါလို့ အလေးအနက် ပန်ကြား လိုပါတယ်။
မင်္ဂလာရှိတဲ့ အခုလို နှစ်သစ်မှာ နိုင်ငံသူ နိုင်ငံသားအပေါင်း ကျန်းမာချမ်းသာ ကြပြီး ကောင်းသောလိုအင်ဆန္ဒများ ပြည့်၀ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။
 

Featured News: 
1