ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေ

Sun, 03/19/2017 - 06:14 -- moi-admin
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်
ချစ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ ခင်ဗျား-
ဒီနေ့ မတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီကနေ့ဟာ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြ တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ မွန်ပြည်နယ်နေ့ ဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ 
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ပြည်ထောင်စုဖွဲ့စည်းပုံမှာ တနင်္သာရီတိုင်းအတွင်း လက်ရှိမွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ပါဝင်ခဲ့ကြပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ မွန်တိုင်းရင်းသားခေါင်းဆောင် များရဲ့ အမြော်အမြင်ကြီးမားမှုပေါ် အခြေခံပြီး ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာမှာ “မွန်ပြည်နယ်”သတ်မှတ်ဖြစ်တည်ရေးကို စတင်ခဲ့ပါတယ်။ “မွန်ပြည်နယ်” လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ စတင်ကမ္ပည်း တင်ရေးသားခဲ့တဲ့ ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်း အနားများ နှစ်စဉ်ကျင်းပလာခဲ့တာဟာ ဒီကနေ့ဆိုရင် (၄၃)နှစ်မြောက် ရှိပြီဖြစ်ပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း လွတ်လပ်ရေးရပြီးချိန်ကစပြီး မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အတွင်း ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးပဋိပက္ခတွေကို အခြေခံတဲ့ ရိုက်ခတ်မှုများကတစ်ဆင့် ခါးသီးတဲ့ အတွေ့အကြုံတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ပဋိပက္ခတွေ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာ အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရပါတယ်။ ယနေ့အချိန် အခါကာလမှာ အဲဒီခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာရယူပြီး ပဋိပက္ခတွေချုပ်ငြိမ်းဖို့နဲ့ မိမိတို့နိုင်ငံတော် အတွင်း တိုင်းရင်းသားအားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်ဖို့ လက်တွဲဖော်ဆောင်ရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ တ်ိုင်းရင်းသားပြည်သူအားလုံး နှစ်ပေါင်းကြာရှည်တောင့်တခဲ့ကြတဲ့  အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုပြီး လိုက်လျောညီထွေရှိမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝအဆင့်အတန်းတိုးတက်မြင့်မားရေးတို့ကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်နေပါတယ်။ အဲဒီမူဝါဒလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့ အစိုးရ၊ လွှတ်တော် များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများနဲ့ ပြည်သူတစ်ရပ်လုံး ပါဝင်ကြိုးပမ်းဖော်ဆောင်ကြဖို့ အထူးလို အပ်ပါတယ်။ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ၂၀၁၂ ခုနှစ်မှာ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကာ လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဟာ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ လက်တွဲပြီး ဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက် နေတာကို သိရှိရတဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။ တိုင်းရင်းသား ညီအစ်ကို များအချင်းချင်း ရင်းနှီးပွင့်လင်းစွာနဲ့ ဆောင်ရွက်ခဲ့တဲ့ စားပွဲဝိုင်းဆွေးနွေးမှုတွေရဲ့ အကျိုးရလဒ်ကောင်း များအဖြစ် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနေပြီဖြစ်ပါ တယ်။ 
ထာဝရငြိမ်းချမ်းရေးရတဲ့အထိ တစိုက် မတ်မတ် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရမှာကိုလည်း အထူးအလေး ဂရုပြုကြရမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေးကော်မရှင်တို့နဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အပြုသဘောဆောင်ပြီး မွန်တိုင်းရင်းသားများအတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ ပိုမိုမြင့်မား လာစေတဲ့ အလားအလာကောင်းတွေ ရရှိ ခဲ့တဲ့အတွက် များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဆက်လက်ပြီးလည်း နိုင်ငံတော်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြည့်အဝ ပူးပေါင်းပါဝင်လာမယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံမှာ ခိုင်ခိုင်မာမာပါဝင် လာမယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တက်ကြွစွာပါဝင်ခဲ့ကြသလို ငြိမ်းချမ်းရေးခရီးလမ်းကို သတ္တိရှိရှိ၊ အမြော်အမြင်ကြီးကြီးနဲ့ လျှောက်လှမ်းခဲ့ကြတဲ့ မွန်တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးအနေနဲ့ ရှေ့ဆက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွေမှာ စုစည်းချစ်ကြည်ညီညွတ်တဲ့ စွမ်းပကားနဲ့ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါ။ မိမိတို့ခေတ်အတွက်သာမက အနာဂတ်မှာပါ ပြည်ထောင်စုကြီး အေးချမ်းသာယာပြီး မွန်ပြည်နယ် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းတည်ဆောက်သွားကြပါလို့ တိုက်တွန်းနှိုး ဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါတယ်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
 
Featured News: 
1