(၉)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ခေါင်းဆောင်များ ညီလာခံ တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသား ကင်းထောက်ချုပ်နှင့် အဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန် ဧပြီ ၂၁  

ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ခေါင်းဆောင်များ ညီလာခံ (9th APR Scout Leaders Summit) တက်ရောက်ရန် မြန်မာနိုင်ငံကင်းထောက် ကော်မတီဥက္ကဋ္ဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာရာ မြန်မာနိုင်ငံ ကင်းထောက်ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးအေးကြိုင်နှင့် ကင်းထောက် ကြီးများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ညီလာခံသို့ မြန်မာနိုင်ငံကင်းထောက် ကော်မတီဥက္ကဋ္ဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့်အတူ ဒဂုံတက္ကသိုလ် ကင်းထောက်ကျောင်းသားခေါင်းဆောင် မောင်ကောင်းဆက်ဟိန်းတို့ လိုက်ပါပြီး ဧပြီလ (၂၂)ရက်နေ့မှ (၂၅)ရက်နေ့ထိ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ကျင်းပမည့် (၉)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် ခေါင်းဆောင်များ ညီလာခံ (9th APR Scout Leaders Summit) တွင် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ဝင် (၂၅)နိုင်ငံမှ ကင်းထောက်ခေါင်းဆောင်များ နှင့်အတူ တက်ရောက်မည်ဖြစ်သည်။
ယင်းညီလာခံတွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့များ၏ ကင်းထောက်လုပ်ငန်း လှုပ်ရှားခဲ့မှုများ၊ ရှေ့လုပ်ငန်း  အစီအစဉ်များနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြေရှင်းမည့် နည်းလမ်းများနှင့် မြန်မာနိုင်ငံမှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ၂၀၁၉ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ကင်းထောက်ညီလာခံနှင့် ပတ်သက်သည့် အစီအစဉ်များ ဆွေးနွေးကြမည်ဖြစ်သည်။
ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံဖြစ်လာသည့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့အား ကမ္ဘာ့ ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့များမှ ကင်းထောက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပနိုင်ငံများတွင် ကျင်းပမည့် အစီအစဉ်များကို ဖိတ်ကြားလျက်ရှိရာ ဇွန်လတွင် အိန္ဒိယနိုင်ငံ၌် ကျင်းပမည့် ငြိမ်းချမ်းရေး သံတမန်လူငယ်ကင်းထောက်ခေါင်းဆောင်များ၏ အလုပ်ရုံဆွေးနွေးပွဲ၊ ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အမျိုးသားအဆင့် ကင်းထောက်များ၏ ယဉ်ကျေးမှုဆွေးနွေးပွဲ၊ ၂၀၁၉ခုနှစ် အဇာဘိုင်ဂျန် နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ကင်းထောက် ညီလာခံအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို အမေရိကန် နိုင်ငံ၌ လေ့လာရေး ဆွေးနွေးပွဲအစီအစဉ်၊ ဩဂုတ်လတွင် မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် ညီလာခံ၊ စက်တင်ဘာလတွင် သီရိလင်္ကာနိုင်ငံ၌ ကျင်းပမည့် ကင်းထောက်များ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲများနှင့် အိုင်စလန်နိုင်ငံ၊ ဆွစ်စလန်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများတွင်လည်း ကင်းထောက် လေ့လာရေးခရီးများ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ တက်ရောက်နိုင်ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ ကင်းထောက်ကြီးများ၊ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကင်းထောက်လူငယ် ခေါင်းဆောင်များကို ဖိတ်ကြားထားကြောင်း၊ မြန်မာနိုင်ငံ သည် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီးနောက်  ယခုခရီးစဉ်မှာ ပထမဆုံးအကြိမ် ညီလာခံ တက်ရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။  
ဦးလတ်