ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံ အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်္ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ ၂၁

နယ်သာလန်နိုင်ငံတွင် လေ့လာရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နယ်သာလန်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး၊ အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးတို့နှင့် ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းတွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ သီးခြားစီတွေ့ဆုံသည်။
ဒုတိယသမ္မတသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘာ့တ်ကိုအန်ဒါစ်နှင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊  အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး           မစ္စစ် မီလာနီရှုစ်ဗန်ဟေဂန်နှင့် ဒေသစံတော်ချိန် ညနေ ၄နာရီတွင်  တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြသည်။
တွေ့ဆုံစဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် ဘရပ်ဆဲလ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့နံနက်ပိုင်းကလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည်  ယူထရက်ခ်ျမြို့ ဟတဂ်ဂါစတိမ်းဒေသရှိ ဆည်၊ တာတမံနှင့် ရေထိန်းတံခါများ တည်ဆောက်ထားရှိမူကို သွားရောက်လေ့လာရာ တာဝန်ရှိသူများက မြစ်ကြောင်း တလျှောက် ရေအရင်းအမြစ် စီမံခန့်ခွဲမူ လုပ်ငန်းစဉ်များ၊ ဆည်တည်ဆောက် ထားရှိမူများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။  
ဆက်လက်ပြီး ၁၉၈၃ ခုနှစ်က စတင်တည်ဆောက်ထားခဲ့သော Princess Beatrix sluis Locks ရေထိန်းတံခါး ၂ စင်းနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် စတင် တည်ဆောက်ခဲ့ပြီး  ၂၀၁၉ ခုနှစ် ဇွန်လတွင် ပြီးစီးမည့် တတိယမြောက် ရေထိန်းတံခါး တည်ဆောက်နေမူကို သွားရောက်လေ့လာခဲ့ကြသည်။
 Princess Beatrix sluis Locks   ရေထိန်းတံခါး ၂ စင်းမှ တစ်နှစ်လျှင် သင်္ဘောအစီးရေ ၅၀,၀၀၀ ဖြတ်သန်းလျက်ရှိ ကြောင်း သိရသည်။ (သတင်းစဉ်)