နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် CITIC Group ၏ ဥက္ကဋ္ဌ Mr. Chang Zhenming အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၂၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  China International Trust and  Investment Company (CITIC) Group ၏ ဥက္ကဋ္ဌ Mr. Chang Zhenming ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက် ရေး အကောင်အထည်ဖော်မှု အပါအဝင် မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်မှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ တက်ရောက်ခဲ့ပြီး CITIC ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang လည်း တက်ရောက်ခဲ့သည်။

(သတင်းစဉ်)