ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း

တောင်ကြီး ဧပြီ ၂ဝ

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ဆက်လက်၍ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ဦးစီးကော်မတီတစ်ခု၊ ဆပ်ကော်မတီ ၁၂ ခုဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများနှင့် ဆပ်ကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးက လိုအပ်ချက်များ တင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ရှမ်းပြည်နယ်ဒေသအလိုက်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ဧပြီ ၂၃၊ ၂၄၊ ၂၅ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝသယံဇာတ ဆိုင်ရာစာတမ်းများ ဖတ်ကြားကြမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့် ရလဒ်များအား ဒုတိယအကြိမ် (၂၁)ရာစုပင်လုံညီလာခံသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ထွန်း(TGI)