မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များ ဒေသတွင်းကျေးရွာများရှိရွာသူရွာသားများနှင့်တွေ့ဆုံပြီး လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြား

မောင်တော မတ် ၂ဝ

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်နိုင်၊ ဦးစောသလေးစောနှင့် တာဝန်ရှိသူများသည် မတ် ၁၈ ရက် နံနက်ပိုင်းက အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင် ကွပ်ကဲရေးမှူးရဲမှူးချုပ် သူရစန်းလွင်၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်တို့နှင့်တွေ့ဆုံ ပြီး မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ မောင်တော ဒေသတွင်ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များ ဆောင်ရွက်ပြီးစီး မှုအခြေအနေများနှင့် မောင်တော ဒေသ၏ လတ်တလောအခြေအနေ များကို ဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် များသည် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင်၊ ရေတွင်းကျွန်း ကျေးရွာများသို့လည်းကောင်း၊ မတ် ၁၉ ရက်တွင် ဒါးကြီးစား၊ ရေမျက် တောင်(သစ်)၊ ကြက်ရိုးပြင်၊ ပြောင်ပိုက် နှင့် ငန်းချောင်းကျေးရွာများသို့လည်းကောင်း သွားရောက်ပြီး ကျေးရွာ တာဝန်ရှိသူများ၊ ရွာသူရွာသားများနှင့် တွေ့ဆုံခဲ့သည်။

ကော်မရှင် အဖွဲ့ဝင်များသည် မောင်တောဒေသ အောက်တိုဘာလ ဖြစ်စဉ်များကြောင့် ခေတ္တတိမ်းရှောင် နေရာမှ မူလနေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိလာသူများကို တွေ့ဆုံရာ ၎င်းတို့မှ စိုးရိမ်ပူပန်မှုများကြောင့် နေရပ်ဒေသမှ ခေတ္တစွန့်ခွာသွားခဲ့ရသော်လည်း မိမိရပ်ရွာဒေသတွင် နေထိုင်ရသကဲ့သို့ လုံခြုံစိတ်ချရမှုနှင့် အဆင်ပြေချောမွေ့ မှုမရှိကြောင်း၊ ယခုအခါ သက်ဆိုင်ရာ အဖွဲ့အစည်းများက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းကြောင့် မိမိရပ်ရွာဒေသသို့ ပြန်လည်လာရောက်နေထိုင်ရခြင်းဖြစ်ကြောင်း တင်ပြကြသည်။

တင်ပြချက်များနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင်များက ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စရပ်များ အဆင်ပြေစေရန် ဆောင်ရွက်ပေးမည့် အခြေအနေများ ကူညီထောက်ပံ့ရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက် ပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က စာရင်းဇယားများ မှန်မှန်ကန်ကန် ပြုစုတင်ပြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြုသဘောဖြင့် ကိုယ်တိုင်ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးပြောကြားကြသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက လတ်တလောဆောင်ရွက်လျက်ရှိသည့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အရေးယူ ချုပ်နှောင်ခံထားရသူများကို မိသားစု ဝင်များနှင့် တွေ့ဆုံခွင့်ရရှိရန် ကျေးရွာ များအလိုက် ရက်များသတ်မှတ်ပြီး ပို့ဆောင်ရေး၊ သွားလာရေး၊ ထောင်ဝင်စာ တွေ့ခွင့်ရရေးနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက်ဒေသခံ ရွာသူရွာသားများ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ ကြသည်။

ထို့ပြင်အဖွဲ့ဝင်အဖြစ်လိုက်ပါ လာသူ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဒေါက်တာ ဒေါ်ထားထားလင်းတို့က သက်ကြီးရွယ်အိုအမျိုးသမီးများနှင့် မိခင်များအား သီးခြားတွေ့ဆုံပြီး စိတ်-လူမှုရေး ဆိုင်ရာ ဖြေလျှော့ပေးမှုများ၊ အမျိုး သမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများအပါအဝင် လူမှုဒုက္ခ ကြုံတွေ့နေရသူများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေများ မောင်တောဒေသတွင် ဆောင်ရွက်ပေးလျက်ရှိသည့် ရွေ့လျားအဖွဲ့များဖြင့် ဆေးကုသ ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း၊ အာဟာရကျွေးမွေး ခြင်းများကို အခွင့်အရေးတစ်ရပ် အဖြစ်ခံယူ၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများ ကျေးရွာများအရောက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများပေးနိုင်ရန် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အေးမြ(မန်းကိုယ်ပွား)