နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးအား ဂုဏ်ပြုကြိုဆို

နေပြည်တော် မတ် ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဖိလစ်ပိုင်သမ္မတသည် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြကာ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြပြီး ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးသည်။

ယင်းနောက် ဖိလစ်ပိုင်သမ္မတသည် နိုင်ငံတော်သမ္မတအိမ်တော်၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးတို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေး ကြသည်။

တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၌ ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုကဏ္ဍတိုးမြှင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများနှင့် စွမ်းအင်ထုတ် လုပ်မှု လုပ်ငန်းများတွင် နည်းပညာအကူအညီပေးရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးမင်းသူ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Mr. Alex Chua လည်း တက်ရောက်သည်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးတို့ ရှေ့မှောက်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ စိုက်ပျိုးရေးဌာနတို့အကြား အစားအစာဖူ လုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူနှင့် ဖိလစ်ပိုင်နိုင်ငံမှ Secretary of the Department of the Republic of the Philippines Mr. Emmanuel f. Pinol တို့က လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညစာစားပွဲတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂို ရိုဝါ ဒူတာတေးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ညစာကို အတူတကွသုံးဆောင်ကြ သည်။

ညစာစားပွဲအပြီးတွင် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သဘင်ဆောင်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။