နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၂၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး နှင့် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ် တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေ ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးကဏ္ဍနှင့် ဒေသနှင့် ကိုက်ညီသည့် စပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေးပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေးရေး၊ ရခိုင်ပြည်နယ်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အလားတူ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန် ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးမင်းသူ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Ref;Myanmar State Counsellor Office