ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office Secretary (ဝန်ကြီးဖြစ်သူ) Mr.Jose Ruperto Martin Marfori Andanar နှင့်အဖွဲ့ တို့တွေ့ဆုံ

နေပြည်တော် မတ် ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့်  ဖိလစ်ပိုင်သမ္မတ နိုင်ငံ၊ သမ္မတ H.E. Mr. Rodrigo Roa Duterte ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် Presidential Communications Operations Office Secretary (ဝန်ကြီးဖြစ်သူ) Mr.Jose Ruperto Martin Marfori Andanar နှင့်အဖွဲ့တို့သည်  ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၁၃ ခုနှစ်ကပင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဖိလစ်ပိုင် သမ္မတနိုင်ငံတို့အကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး နားလည်မှုစာချွန်လွှာကို ဆက်လက်ဆောင်ရွက်သွားရေး၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ ပြန်ကြားရေးကဏ္ဍ  ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုများ၊  ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့် မီဒီယာ၊ အွန်လိုင်းမီဒီယာ ကဏ္ဍများတွင် နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်းဆောင် ရွက်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံအစည်းအဝေး သို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ရန်နှင့် ဖိလစ်ပိုင်သမ္မတ နိုင်ငံ ၏ ပုံနှိပ်နှင့် ရုပ်သံလွှင့်မီဒီယာကဏ္ဍများကို လာရောက်လေ့လာနိုင်ရေးတို့အတွက် ဖိတ်ကြားခဲ့ပြီး ပြန်ကြားရေးကဏ္ဍဆိုင်ရာနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား အလုပ်ရုံ ဆွေးနွေး ပွဲများ အပြန်အလှန်ကျင်းပနိုင်ရေး တို့ကို  ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။