အမျိုးသားလွှတ်တော် ပဥ္စမ ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဇွန် ၁၉
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန် အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် လမ်းများ အဆင့်မြှင့်တင်ပေးရေး ကိစ္စရပ်များ နှင့်စပ်လျဉ်း၍  လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ စစ်တွေခရိုင် ပေါက်တော မြို့နယ်အတွင်းရှိ အလယ်ဖရုံကာကျွန်းတွင် တည်ရှိသော မြင့်ဂါ - ဖါးဒူ ကားလမ်းနှင့် ကျွဲကူးမြစ် ၏ တောင်ဘက်ကမ်း မြင့်ဂါကားလမ်းနှင့် ကျွဲကူးမြစ်၏ မြောက်ဘက်ကမ်း တောင်းဖူး - ပေါက်တော ကားလမ်းတို့ကို ဇက်ကူး (ကူးတို့)ဖြင့် ကားများ တင်ဆောင်ပြီး သွားလာနိုင်အောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း ရှိ မြင့်ဂါ - ဖါးဒူးကားလမ်းနှင့် ကျွဲကူးမြစ်၏ တောင်ဘက်ကမ်းရှိ တောင်ဖူး - ပေါက်တော ကားလမ်းတို့တွင် ဇက်ကူး (ကူးတို့)ဖြင့် ကားများ တင်ဆောင်ပြီး သွားလာနိုင်အောင် ဆောင်ရွက်ပေးရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲမှ ကွင်းဆင်းလေ့လာခဲ့ပါကြောင်း။
လေ့လာတွေ့ရှိချက်များအရ ကျွဲကူးမြစ်၏ ရေလမ်းကြောင်း အခြေအနေမှာ ကျောက် ဆောင်များရှိပြီး ပင်လယ် နှင့်နီးသဖြင့် ရာသီဥတုဆိုးဝါးပါက လှိုင်းထန်ပါကြောင်း၊ ၎င်းအပြင် မြင့်ဂါဆိပ်ကမ်းနှင့် တောင်ဖူးဆိပ်ကမ်း တို့တွင်လည်း ဇက်ကူးတို့ ရေယာဉ်များ ကမ်းထိုးနိုင် သည့် ကမ်းခြေဆင်ခြေလျှောနှင့် ရေယာဉ်ဆိုက်ကပ်နိုင်သည့် ဧရိယာမရှိပါကြောင်း၊ ရေကျချိန် တွင် ပေ ၂၀၀ ခန့် သောင်ပြန့်ကြီး ဖြစ်ပေါ်လာသဖြင့် ကမ်းထိုး၍ မရနိုင်ပါကြောင်း။
ထိုကြောင့် တောင်ဖူး - မြင့်ဂါ ကူးတို့လမ်းသည် မော်တော်ကား၊ ဆိုင်ကယ်စီးရေ အလွန် နည်းပါးသော ဒေသဖြစ်ခြင်း၊ ရေယာဉ်ဆိုက်ကပ်ရန် ဆင်ခြေလျောမရှိခြင်း၊ ဖောက်လုပ်ထား သည့် မော်တော်ကားလမ်းများမှာလည်း ကျောက် ခမ်းလမ်းအဆင့်ဖြစ်ပြီး တောင်ဖူး - ပေါက် တော ကားလမ်းမှာ မိုးရာသီတွင် ပျက်စီးသွားခြင်း စသည့် အချက်များကြောင့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ဇက်ရေယာဉ်များဖြင့် ကူးတို့ခရီးလမ်း ပြေးဆွဲပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ကျောက်ဖြူခရိုင် အမ်းမြို့နယ်ရှိ တပ်တောင် - ရူး - တမန်ဒူး - ကမ်းထောင်းကြီး လမ်းအထိ ၂၆ မိုင် ၁ ဖာလုံမှ တပ်တောင် - ရူး လမ်းအပိုင်း ၁၆ မိုင် ၄ ဖာလုံကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းဦးစီးဌာနအနေဖြင့် တပ်တောင် - ရူး - တမန်ဒူး - ကမ်းထောင်းကြီးလမ်းအား ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် မှစတင်၍ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေကျပ် ၁၀၅၆ ဒသမ ၉၀၃ သန်းဖြင့် လမ်း၊ တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို လည်းကောင်း၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ စုစုပေါင်းငွေကျပ် ၃၀၄ ဒသမ ၄၆၀ သန်းဖြင့် (၃၄) ပေအကျယ် မြေသား တာဘောင်တင်၍ ဗြုန်းကျောက်စရစ်ခင်းခြင်း ၄ မိုင် တစ်ဖာလုံ၊ ပေ(၅၀) အောက် R.C.C Box Culvert (၁၃)စင်း တည်ဆောက်ခြင်းနှင့် တံတား (၃)စင်း၏ ဘီးလမ်း ကြမ်းခင်းများ လဲလှယ်ခြင်းလုပ်ငန်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
လက်ရှိ အခြေအနေအရ တပ်တောင် - ရူး - တမန်ဒူး - ကမ်းထောင်းကြီးလမ်း (၂၆)မိုင် (၄)ဖာလုံမှာ အမာခံလမ်း အဆင့်သို့ အားလုံးနီးပါး ရောက်ရှိနေပြီဖြစ်သော်လည်း တမန်ဒူးအထိ လမ်းပေါက်နိုင်ရန်အတွက် ကျန်ရှိသော ရူး - တမန်ဒူး - ကမ်းထောင်းကြီးအပိုင်း (၉)မိုင် (၅) ဖာလုံအား အမာခံလမ်းအဆင့် ရောက်ရှိအောင် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် တပ်တောင် - ရူး အပိုင်း (၁၆)မိုင် (၄)ဖာလုံအား ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာ လမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော် လည်း ရာသီမရွေးသွား လာနိုင်သော ကျောက်ချောလမ်းအဆင့်သို့ ရောက်ရှိအောင် ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲ၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ ဗန်းမော်မြို့တွင် အမှန်တကယ် လိုအပ်နေသော ကားကြီး၊ ကားလေး ယာဉ်ရပ်နားကွင်းကို (၃)မိုင်ကွက်သစ်တွင် အဆင့်မြင့် တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ဗန်းမော်မြို့တွင် လိုအပ်လျက်ရှိသော ကားကြီး၊ ကားလေး ယာဉ် ရပ်နားကွင်းအား (၃)မိုင် မြို့ကွက်သစ်ရှိ မြေဧရိယာ ၂၀ ဒသမ ၄၅ ဧကပေါ်တွင် ဆောက် လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် ကားကြီးကွင်း၊ ကားလေးကွင်း၊ ကုန်တင် ယာဉ်ရပ်နားစခန်း၊ ပွဲရုံများ၊ စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် မော်တော်ယာဉ်ပြင် အလုပ်ရုံများ ပါဝင်မည်ဖြစ်ပါကြောင်း။
အဆင့်မြင့် အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် တင်ဒါ အောင်မြင်သည့် ဆွတ်ဖယ်မလီဂရု(ပ်) ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် စိစစ်ဆောင် ရွက်လျက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများကို ယခုဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထိုပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့က ပြန်လည်ရှင်းလင်း ဖြေကြား ကြသည်။
ထို့နောက် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်း နှင့်စပ်လျဉ်း၍ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) ဦးစိုးသိန်း (ခ) ဦးမောင်စိုးက စာသားအဓိပ္ပာယ် လေးနက်စေရန် အဓိကထား ဆွေးနွေး ပြောကြားရာ လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ် သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် တူးမြောင်း ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာ သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန် အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော် (သတင်းစဉ်)