ဒလမြို့နယ် တွံတေးတူးမြောင်းဘေး ကမ်းပါးပြိုကျမှုဖြစ်ပွားနေ၍ အရေးပေါ် စီစဉ်ဆောင်ရွက်ပေးသွားမည်

ရန်ကုန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဆာပါချောင်ကျောင်းစု ရပ်ကွက် တွံတေးတူးမြောင်းဘေးရှိ ကျောက်စီရေထိန်းနံရံသည် ဇူလိုင် ၁၄ ရက်မှ စတင်ပြီး ရေထိန်းနံရံအတွင်းဘက်ရှိ မြေသားများ အက်ကွဲလာလျက်ရှိရာ ကူးတို့ဆိပ်ကမ်း ကွန်ကရစ်လှေကားနှင့် ရေထိန်း နံရံ၏ အောက်ခြေ အလျားပေ ၁ဝဝ နီးပါးခန့် ပြိုကျပျက်စီးခဲ့ပြီး ဇူလိုင် ၁၅ ရက်တွင် တဖြည်းဖြည်း ကွဲကြောင်းများ အက်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိပြီး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဆာပါချောင်ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်မှူးက ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက်ရှိ ရေထိန်းနံရံကို ၂ဝဝ၃-၂ဝဝ၄ ဘဏ္ဍာနှစ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျားပေ ၆၄ဝ ဆောင်ရွက်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်က ကျောက်ရိုးရှေ့ မြေသားအိဆင်းမှု ကြောင့် အလျားပေ ၁၂ဝ၊ အနံပေ ၅ဝ ခန့် မြေသားထု လျှောပြတ်ကျသွား ခဲ့ခြင်းကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ယင်းနေရာအား အရေးပေါ်လုပ်ငန်းများဆောင်ရွက်နိုင်ရန် လက်ရှိကျောက်ရိုးအား အမြင့်ရှစ်ပေမှ အမြင့်လေးပေသို့ ဝန်တင်အလေး လျှော့ချခြင်း၊ နိုင်လွန်ပိုက်ဆွဲဝါးရေကာပြုလုပ်ခြင်း၊ သံမဏိကြိုးဆိုင်းရေလွှဲ ရေကာပြုလုပ်ခြင်းနှင့်Geobags များ ချထားခြင်း လုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့များထံ တင်ပြထား ကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်မှူးထံမှ သိရသည်။

နိုင်လင်းကျော်(ဒလ)