စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါး (၁၂၅ဝဝဝ)ကျော် စိုက်ပျိုးပြီးစီး

မုံရွာ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီ ဇူလိုင်လ ဒုတိယပတ်အထိ ဧကပေါင်း (၁၂၅၁၉၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁ဝ) ခုတွင် မိုးစပါး (၁၇၈၄၁၉၂)ဧက စိုက်ပျိုးရန်အတွက် လျာထားလျက်ရှိရာ ဇူလိုင်လ ဒုတိယပတ်အထိ (၁၂၅၁၉၅) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားချက် ပြည့်မီစွာ စိုက်ပျိုးရေးအတွက်လည်း တိုင်းဒေသကြီး/ခရိုင်၊ မြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်းများမှ တောင်သူများအား လိုအပ်သော စိုက်ပျိုးရေး အသိပညာဗဟုသုတများ၊ သွင်းအားစု ပြည့်မီစွာ အသုံးပြုရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

''စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ (၁၇၈၄၁၉၂)ဧကလျာထားတယ်၊ အဲဒီလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တောင်သူတွေကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ စိုက်ပျိုးရေး နည်းပညာ၊ စိုက်ပျိုးစရိတ်များ အချိန်မီရရှိရေးတို့ကို ဆောင်ရွက်ပေးသွားမှာပါ'' ဟု တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးပြီးစီးမှူးအဖြစ် စစ်ကိုင်းခရိုင်အတွင်းရှိမြို့နယ်(၃)ခုတွင် (၂၆၂ဝ)ဧက၊ မုံရွာခရိုင် အတွင်းရှိ မြို့နယ် (၄)ခုတွင် (၆၁၈၆)ဧက၊ ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်(၆)ခုတွင် (၃၂၈၂၉)ဧက၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် (၇၉၄)ဧက၊ ကသာခရိုင် အတွင်းရှိ မြို့နယ် (၇)ခုတွင် (၂၆၆၂၇)ဧက၊ ယင်းမာပင်ခရိုင် အတွင်းရှိ မြို့နယ် (၄)ခုတွင် (၃၅၃၁၈)ဧက၊ ကလေးခရိုင် အတွင်းရှိ မြို့နယ် (၃)ခုတွင် (၁၂၅၈၆)ဧက၊ တမူးခရိုင် အတွင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ(၃)ခုတွင် (၁၆၃ဝ)ဧက၊ မော်လိုက်ခရိုင် အတွင်းရှိ မြို့နယ် (၂) ခုတွင် (၄၂ဝ)ဧက၊ ခန္တီးခရိုင် အတွင်းရှိ မြို့နယ် (၂)ခု တွင် (၆၁၈၅)ဧက စုစုပေါင်း (၁၂၅၁၉၅) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)