ပူတာအို၌ မွေးမြူရေးလုပ်သား (CAHW) မွမ်းမံသင်တန်း (၁/၂၀၁၇) ဖွင့်လှစ်

ပူတာအို ဇူလိုင် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးကြပ်မှုဖြင့် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူး၍ ပူတာအိုဒေသတွင် မွေးမြူရေးကဏ္ဍအသိပညာဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသား၊ နို့၊ ဥစားသုံးမှု မြင့်တက်လာစေရန်နှင့် အသားထုတ်လုပ်မှု တိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် မွေးမြူရေးလုပ်သား (CAHW) မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၁၇)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်(၁၇)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တခရိုင်ဦးစီးမှူး ဒေါက်တာဇာမဲဖီရမ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် ဒေသကြက် ၊ ဝက် ၊ နွားမွေးမြူရေးနည်းစနစ် အတတ်ပညာများ သိရှိလာစေရန်အတွက် နို့စားနွားမွေးမြူရေး ၊ ဒေသကြက် ၊ ဝက် ၊ နွားမွေးမြူရေး နည်းစနစ်များ ၊ ဥစားဘဲ မွေးမြူရေး ၊ ဝက်စာနှင့် အာဟာရအကြောင်း သိကောင်းစရာများ ၊ ဒေသအတွင်း ဖြစ်ပွားလေ့ရှိသော ရောဂါများအကြောင်း သိကောင်းစရာများ ၊ ဒေသကြက်နှင့် I2 အကြောင်း သိကောင်းစရာ ဘာသာရပ်များကို ခေတ္တခရိုင်ဦးစီးမှူး ဒေါက်တာဇာမဲဖီရမ် နှင့်ဒေါက်တာအောင်သူဟိန်း ၊ ဒေါက်တာတင်ဦးလှိုင် ၊ ဦးနန်ဟီဆင်တို့က ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)ခုမှ သင်တန်းသား သင်တန်းသူ (၁၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်(၁၇)ရက်မှ (၁၈)ရက်ထိ နှစ်ရက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ခေတ္တခရိုင်ဦးစီးမှူး ဒေါက်တာဇာမဲဖီရမ်ထံမှ သိရသည်။

ခရိုင်ပြန်/ဆက်