ကော့သောင်းမြို့တွင် လေပြင်းများတိုက်ခတ် မှုကြောင့် ရပ်ကွက်တစ်ချို့မှ သစ်ပင်များပြိုလဲမှုဖြစ်ပွား

ကော့သောင်း ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ဇူလိုင် ၁၇ ရက်နေ့ နံနက် ၃ နာရီ ခန့် က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက် ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ သစ်ပင်ကြီးများပြိုလဲကာ လူနေအိမ် တစ်ချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများအား ခရိုင်နှင့်မြို့နယ် တာဝန်ရှိအဖွဲ့အစည်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်ပရဟိတအဖွဲ့များ မှ အချိန်နှင့်တစ်ပြေးညီ လိုက်လံကူညီ ရှင်းလင်း ဖယ်ရှားပေးကာ လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်လျှက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုနှင့် ရပ်ကွက်နေပြည် သူများ သေကြေထိခိုက်ဒဏ်ရာရမှုမရှိကြောင်း နှင့် ပင်လယ်ကမ်းစပ်နေ ပြည်သူများ၏နေအိမ်တစ်ချို့ ပျက်စီးမှုနှင့် ကော့သောင်း-မြိတ် ပြည်ထောင်စုလမ်းပိုင်း ပြည်ကြီးမဏ္ဍိုင်မြို့နှင့် တနင်္သာရီမြို့အကြား 1020 တောင်ကြော တစ်ဝိုက် သစ်ပင်ကြီးများပြိုလဲ ကာလမ်း ပိတ်ဆို့မှုတစ်ချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း)