ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း ပြည်ပ ပညာရှင်များအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်သည့် အခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၁၇

ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းသည် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက် မြန်မာပြည်) အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းနှင့် ပြည်သူ့ ဝန်ထမ်းအကယ်ဒမီ သင်တန်း များတွင် လာရောက် ပို့ချပေးလျက်ရှိသည့် မလေးရှား နိုင်ငံမှ Professor Dato' Dr. Lee Wooi Beng နှင့် Professor Dr. Premkumar Rajagopal တို့အား ယနေ့နံနက်ပိုင်းတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သည်။

Professor Dato Dr. Lee Wooi Beng နှင့် Professor Dr. Premkumar Rajagopal တို့သည် ပြည်ထောင်စုရာထူးဝန် အဖွဲ့ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများနှင့် ပြည်သူ့ ဝန်ထမ်း အကယ်ဒမီ (CSA) သင်တန်းများတွင် နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဘာသာရပ် ပို့ချမှုများနှင့် Strategic & Corporate Planning for a Public Sector Organization ဘာသာရပ်များ ကူညီပို့ချပေးနေသူများ ဖြစ်ကြသည်။

အဆိုပါ မလေးရှားနိုင်ငံမှ ပညာရှင်များအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်သည့် အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမော်နှင့် ဒေါက်တာဦးပွား၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၉) နှင့် ပြည်သူ့ ဝန်ထမ်း အကယ်ဒမီမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 (သတင်းစဉ်)