ပြည်သူတို့၏ လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၁၇

လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊  ပြင်ဆင်ရေး၊ လတ်တလော ကယ်ဆယ်ရေး အထောက်အပံ့ ပေးနိုင်ရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များကို ဖော်ထုတ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်း ဒေသကြီးအတွင်း ကွင်းဆင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအား အထက်တန်း ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် အဆိုပါကျောင်း၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာတွင် ကျောင်းနေ အရွယ် ကလေးများ ကျောင်းရောက်ရှိရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်းထွက်နှုန်း ကျဆင်းရေး တို့သည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ကျောင်းတက်နိုင်ရန် နိုင်ငံတော်အစိုးရက အခမဲ့ပညာရေးစနစ် ဖော်ဆောင်နေသော်လည်း အခြား လူမှုရေး၊ အာဟာရ ဖြည့်တင်းရေးတို့အတွက် မိသားစုများကို ထောက်ပံ့ရန် လိုအပ်ကြောင်း၊ ကျောင်းတွင်း နေ့လည်စာ တစ်နပ် ကျွေးမွေးရေးသည်လည်း ရေရှည်တွင် အကောင်အထည် ဖော်ရမည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်၍ ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ကျောင်းအဆင့် တိုးမြှင့်ခွင့် ရရှိခြင်းသည် ဒေသခံ ပြည်သူ့ဆန္ဒကို ပြည်သူ့ ကိုယ်စားလှယ်များဖြစ်သော လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ကြိုးပမ်းမှု၊ ပညာရေး ဝန်ကြီးဌာန၏ စနစ်တကျ ဥပဒေဘောင်အတွင်းက ပူးပေါင်း ဆောင်ရွက်ပေး နိုင်မှု၏ အောင်မြင်မှု ရလာဒ်ဖြစ်ပြီး ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး၊ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် အတူ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်သို့ သွားရောက်၍ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့် အသက်(၉၀)နှစ်အထက် အဘွား (၅)ဦးအား နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ ပေးအပ်သော ဧပြီ၊ မေ၊ ဇွန် (၃)လစာအတွက် လူမှုရေးပင်စင်ကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်သည်။ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို နိုင်ငံအဝန်းဇွန် (၁၅)ရက်မှ (၃၀)ရက်အတွင်း ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ဂန့်ဂေါမြို့၊ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ ကိုယ့်အားကိုယ့်ကိုး မူလတန်းကြိုကျောင်းနှင့် အမှတ်(၅၀)၊ ခြေလျင် တပ်ရင်း ကိုယ့်အားကိုယ့်ကိုး မူလတန်း ကြိုကျောင်းများသို့ သွားရောက်ပြီး တာဝန်ခံဆရာမနှင့် စာသင်ဆရာ မများအတွက် ထောက်ပံ့ငွေနှင့် ကျောင်းများအတွက် သင်ထောက်ကူ ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဂန့်ဂေါခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးမှူးရုံး ဆောက်လုပ်ရန် လျာထားမြေနေရာအား ကြည့်ရှုပြီး ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)