အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရုပ်တုနှင့် ရင်ပြင်ဖွင့်ပွဲ အခမ်းအနား ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ဝန်းခြံ၌ ပြုလုပ်

မန္တလေး ဇွန် ၁၇

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ရုပ်တုနှင့်ရင်ပြင် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပြည်ကြီးတံခွန် မြို့နယ်၊ ၅၆လမ်းနှင့် ၅၇လမ်း အကြား၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြားရှိ မန္တလာတံခွန် ပန်းခြံ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြေးရုပ် မျက်နှာစာရှေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုနှင့် ရင်ပြင် ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးရွှေထူးတို့က ဗိုလ်ချုပ် ကြေးရုပ်တုကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ အလေးပြုခြင်း အခမ်းအနားကို ဆောင်ရွက်ပြီးနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ  ဦးဝင်းထိန်၊ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တို့က ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းခဲ့သော သမိုင်းကြောင်း နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားကြသည်။ ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်စိုးတို့က ရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးဇာနည်အောင် က ကမ္ဗည်း မော်ကွန်းကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသော ဆရာတော် သံဃာတော်များက ကဗ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ဖျန်းပေးကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်မြို့နယ်တို့မှ တာဝန်ရှိသူများ၊  ဒေသခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ပန်းချီပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

နိုင်ငံတော်၏ အနာဂါတ်သားကောင်း ရတနာများ စံထားအားကျ နမူနာယူကြစေရန် ယခုဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုကြီးကို သွန်းလုပ်စိုက်ထူခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေး အဖွဲ့ကို ဩဝါဒစရိယ ဆရာတော်များ၊ နာယကကြီးများ၊ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဝင် (၈၁)ဦးအား ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၄ရက်တွင် ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းတိုက် ပညာဒါန ကျောင်းဆောင်တွင် ဖွဲ့စည်းခဲ့ပြီးနောက် စစ်ဝတ်စုံဖြင့် မိန့်ခွန်းစာရွက်ကို ကိုင်လျှက် လက်တင် ကုလားထိုင်တွင် ထိုင်နေသည့်ပုံကို သွန်းလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း မန္တလေးနှင့် နေပြည်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် အခမ်းအနားများကို ကျင်းပခဲ့ကြောင်း၊  ဆရာတော်များက ဓမ္မသဘင်များ ဟောပြော ကြပြီး ရရှိသည့် အလှူငွေများကို ဖြစ်မြောက်ရေးအဖွဲ့သို့ လှူဒါန်းပေးခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြေးသွန်း ရုပ်တု နမူနာပုံစံငယ်နှင့် ကြေးသွန်းရန်ပုံစံကြီးကို မန္တလေးပန်းချီ၊ ပန်းပုကျောင်းမှ ဆရာစောခမ်းလီက ပြုလုပ်ပြီး မန္တလေးမှ ကြေးသွန်း ပညာရှင် ဆရာ ဦးဝင်းမောင်၏ သမီး ဒေါ်ညွှန့်ညွှန့်ဝင်းတို့၏ ကြေးသွန်းလုပ်ငန်းမှ သွန်းလုပ်ကာ ကြေးပိဿာချိန် (၁၈၀၀)၊ ရုပ်တုအမြင့် (၁၃)ပေ၊ ရုပ်တုအောက်ခံ အဋ္ဌစံတုံး အမြင့် (၆.၅)ပေ၊ ရုပ်တုရင်ပြင်အကျယ် ဧရိယာ စတုရန်းပေ (၄၇၈၀)ပေ၊ ရုပ်တုထားရှိရာ မန္တလာ တံခွန်ဥယျာဉ် အကျယ်ဧရိယာ စတုရန်းပေ (၈၅၂၆၄)တွင် ထားရှိထားကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်တု လုပ်ငန်းကို ၂၀၁၆ခုနှစ် ဇူလိုင် ၁၃ရက်တွင် စတင်ပြုလုပ်ပြီး ၂၀၁၇ခုနှစ် ဇွန် ၈ရက်တွင် ပြီးစီးခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်မှာချက် ကျောက်စာချပ်များနှင့် ရင်ပြင်ခင်း စကျင်ကျောက်ပြားများကို ပန်းတမော့လုပ်ငန်း ဦးတော်တော်မိသားစုမှ လှူဒါန်းခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းရုပ်တုနှင့် ရင်ပြင်ကြီးကို မန္တလေးမြို့ လူထု၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း တစ်ထောင်ဖြင့် ၂၀၁၇ခုနှစ် ဇွန် ၈ ရက်တွင် အောင်မြင်စွာ စိုက်ထူခဲ့ကြောင်း အဆိုပါ အခမ်းအနားတွင်  ဖြစ်မြောက်ရေး အဖွဲ့ အတွင်းရေးမှူး၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အထိမ်း အမှတ်အဖြစ် ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းလောင်းလှူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ဆောင်ရွက် ခဲ့ပြီးနောက် ညနေပိုင်းတွင် မြန်မာ့ရိုးရာ အားကစားနည်းများအလိုက် ပြိုင်ပွဲယှဉ်ပြိုင်ခြင်း၊ စာရေးဆရာ များမှ ဗိုလ်ချုပ် အောင်ဆန်း အမှတ်တရ ဟောပြောခြင်း၊ ဇွန် ၁၈၊ ၁၉၊ ၂၀ ရက်အထိ ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်သွားမည့်အပြင် စာအုပ်ဈေးရောင်း ပွဲတော်ကိုလည်း ရန်ကုန်မြို့နှင့် မန္တလေး မြို့များမှ စာအုပ်တိုက် အသီးသီးတို့က ဆိုင်ခန်းပေါင်း (၇၀)ဖြင့် စာအုပ်မျိုးစုံများကို အထူးနှုန်းဖြင့် ရောင်းချပေးလျှက် ရှိရာ ဝယ်ယူအားပေးကြသူများ ကြည့်ရှုလေ့လာသူ များဖြင့် အထူးစည်ကားလျှက် ရှိကြောင်း တွေ့ရသည်။    

တင်မောင်  (မန်းကိုယ်ပွား)