လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားသူများ၏ မိသားစုဝင်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အားပေးစကား ပြောကြား

နေပြည်တော် ဇွန် ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် ထားဝယ်မြို့ မြို့နယ်ခန်းမ၌ ပျက်ကျလေယာဉ်အား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီလုပ်ဆောင်ခဲ့ကြသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအား တွေ့ဆုံသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် ပျက်ကျလေယာဉ်အား ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြသည့် ထားဝယ်ဒေသရှိပြည်သူများ အားလုံးကို ဖော်မပြနိုင်လောက်အောင်ပင် ကျေးဇူးတင်ရှိပါကြောင်း။

လေယာဉ် ပျက်ကျရာတွင်ပါရှိသွားသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းငွေကျပ် သိန်း ၁၇ဝဝဝ ကျော်ရှိပြီး ယင်းဖြစ်စဉ်အပေါ် ပြည်သူတို့၏ ကရုဏာသက်ရောက်မှုကို သိရှိနိုင်ကြောင်း၊ ယမန်နေ့ ဇွန် ၁၅ ရက် ညနေ ၅ နာရီကျော်ခန့်တွင် ပျက်ကျလေယာဉ်အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ လေယာဉ် ရေဒါပုံရိပ် ပျောက်ကွယ်သွားသည့် နေရာတစ်ဝိုက်မှာ တွေ့ရှိခြင်းဖြစ်ပြီး လွန်စွာအပြောကျယ် သည့် ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ) သင်္ဘောများ၊ ငါးဖမ်းစက်လှေများစွာဖြင့် ပိုက်စိပ်တိုက်ပြီး ခက်ခဲစွာဖြင့် ရှာဖွေခဲ့ရကြောင်း၊ ယင်းနေရာ၌ လေယာဉ်ရှာဖွေဆယ်ယူရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ လေယာဉ် နောက်ပိုင်းတွင် Black Box ပါရှိသဖြင့် ယင်းကိုရရှိပါက အဖြေတစ်ခုရရှိနိုင်မည်ဖြစ်ကြောင်း၊ ရရှိသည့်အဖြေကိုလည်း အမှန်အတိုင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လက်ခံသည်။ ယင်းနောက် ပျက်ကျ လေယာဉ်အစိတ်အပိုင်းအား ရှာဖွေတွေ့ရှိခဲ့သည့် ငါးဖမ်း စက်လှေမှ အလုပ်သမားများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နံနက် ၁၁ နာရီတွင် ထားဝယ်မြို့ နယ်မြေခံတပ် ဧည့်ရိပ်သာ၌ တာဝန်ရှိသူများက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က မြေပြင်တပ်များနှင့် ကမ်းခြေတစ်လျှောက် ဖြန့်ခွဲရှာဖွေမှုများကိုမြေပုံဖြင့် စနစ်တကျ မှတ်တမ်းထားရှိရန်၊ ဒေသခံပြည်သူများ၏ အကူအညီရယူ၍ ပူးပေါင်းဆောင်ရွက်ရန်၊ ရေအောက်တွင် တွေ့ရှိရသည့် လေယာဉ်အစိတ်အပိုင်းအား အရေးကြီးသည့်အစိတ်အပိုင်းများ မထိခိုက်စေဘဲ စနစ်တကျဆယ်တင်ရန်၊ ပျက်ကျလေယာဉ် အစိတ်အပိုင်းအားလုံးနှင့် ရုပ်အလောင်းအားလုံးရရှိသည်အထိ ရှာဖွေဆယ်ယူရေးလုပ်ငန်းများ ကြိုးစား လုပ်ဆောင်ရန်၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် Safety ပိုင်းအား အပြည့်အဝ စီမံဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျစဉ် ပါရှိသွားသည့် လေယာဉ် အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူမိသားစုများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယနေ့တွင် သွားရောက်တွေ့ဆုံ၍ အားပေး စကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နံနက် ၉ နာရီတွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ် ရုံးခန်းမ၌ ပျက်ကျ လေယာဉ်တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများနှင့် အခြားအရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ အားပေး စကား ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထားဝယ်မြို့ နယ်မြေခံတပ်ဧည့်ရိပ်သာ၌ လေယာဉ်ပျက်ကျရာတွင် ပါရှိသွားသည့် စစ်သည်မိသားစု လေးဦးတို့၏ ကျန်ရစ်သူမိသားစုဝင် များအားလည်းကောင်း၊ မြိတ်မြို့ လေတပ်စခန်း ဌာနချုပ် ဧည့်ခန်းမတွင် ပျက်ကျလေယာဉ် တွင်ပါရှိခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစု ၄၆ ဦးတို့၏ ကျန်ရစ်သူ မိသားစုဝင်များကို လည်းကောင်း၊ ဘုတ်ပြင်းမြို့ လေဆိပ်ဧည့်ရိပ်သာတွင် ပျက်ကျလေယာဉ်ဖြင့် ပါရှိခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစု ၁၄ ဦးတို့၏ ကျန်ရစ်သူ မိသားစုဝင်များကိုလည်းကောင်း အသီးသီး သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး လတ်တလော အုပ်ချုပ်မှုကိစ္စရပ်များတွင် သုံးစွဲနိုင်ရန် လှူဒါန်းငွေများကို တစ်ဦးချင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)