မြစ်ကြီးနားမြို့၌ လူမှုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်

မြစ်ကြီးနား ဇူလိုင် ၁၆

ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူမှုအခြေပြု ဗဟိုဌာန (Community Centre)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနား မြို့တွင်ကျင်းပသည်။

ရှေးဦးစွာ လူမှုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ်ကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ ချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Jaroslav Dolecek၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်းနှင့် မြို့မိမြို့ဖ ဦးဧရာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့က လူမှုအခြေပြု ဗဟိုဌာန (Community Centre) ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  အမှာစကားပြောကြားရာတွင် ယနေ့ မြစ်ကြီးနားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးခရိုင်ရုံးတွင် လူမှုအခြေပြုဗဟိုဌာန (Community Centre) နှင့် ရွေ့လျား စာကြည့်တိုက် (Mobile Library) တို့ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ခေတ် အဆက်ဆက်မှ ပင် ဆောင်ရွက်ခဲ့သည့် သတင်းအချက်အလက် ပြန်ကြားရေးအလုပ်ကို အဓိကဆောင်ရွက် ပါကြောင်း၊ ဒီမိုကရေစီစနစ်အရ ရွေးကောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ဆက်လက်ခန့်အပ်ထားသည့် အစိုးရအနေဖြင့် ပြည်သူ့အတွက် မည်သို့ဆောင်ရွက်နေသည်ကို ပြန်လည်အစီရင်ခံသည့် သတင်းအချက်အလက် ထုတ်ပြန်ပေးခြင်းအပြင် ပြည်သူတို့ သိသင့်သိထိုက်သည့် ပြည်တွင်းသတင်းများနှင့် နိုင်ငံတကာ သတင်းအချက်အလက်များကို အသိပေးတင်ပြ သည့်ပင်မအလုပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် အများပြည်သူကို အသိပညာ ဗဟုသုတ တိုးပွားစေရန် တစ်နည်းအားဖြင့် ပညာရည်မြှင့်တင် သည့် အလုပ်ကို စာကြည့်တိုက်များဖြင့် ဆောင်ရွက်နေပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်များကို ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများဖြင့်ပေးသည့် အပိုင်းနှင့် အသိပညာဗဟုသုတပေးခြင်းကို စာကြည့်တိုက်များ ဖွင့်လှစ်သည့်အပိုင်းဖြင့် ယခင်ကတည်းကပင် ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ခေတ်ကာလ ပြောင်းလဲလာမှုနှင့်အတူ လူမှုအဖွဲ့အစည်းပုံသဏ္ဍာန်များ ပြောင်းလဲလာခဲ့ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ ပြောင်းလဲလာမှုအပေါ် မူတည်ပြီး လူမှုအခြေပြုဗဟိုဌာန (Community Centre) များကို အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသည့် ပြည်သူ့ဆက်ဆံရေး အလုပ်ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်  ဖြစ်ပါကြောင်း၊ ယခုအခါ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဌာနများတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား (တီဗွီ)တို့နှင့် မလုံလောက်တော့သဖြင့် အဆောက်အဦ၊ ပရိဘောဂမှစ၍ တတ်နိုင်သမျှဖြင့် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ (Community Centre) တွင် ကလေးများ ငယ်စဉ်မှစ၍ စာဖတ်ဝါသနာပါစေရန်၊ စာအုပ်ရှိသည့် ပတ်ဝန်းကျင်တွင် ကလေးများ ပျော်တတ်စေရန် စိတ်ဝင်စားအောင် စီမံ ဆောင်ရွက်ထားပါကြောင်း။

ထို့ပြင် ရပ်ရွာလူထုအနေဖြင့် ရပ်ရွာကိစ္စရပ်များကို စုဝေးပြီး တိုင်ပင်နိုင်ရန်၊ ဥပဒေနှင့်အညီ ဆွေးနွေးပွဲများ ဆောင်ရွက် နိုင်ရန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလတွင် နိုင်ငံ၏ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုများတွင် လူအများပါဝင်လာစေရန် စသည့် ဒီမိုကရေစီ အလေ့အကျင့် ကောင်းများ ရရှိနိုင်ရေး ပျိုးထောင်ချဲ့ထွင်နေသည့်ကာလတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊ (Community Centre) တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆိုင်းဘုတ် တပ်ဆင်ထားသော်လည်း ရပ်ရွာပြည်သူလူထု ပစ္စည်းကဲ့သို့ သဘောထားပြီး (Community Centre) လုပ်ငန်း အောင်မြင်စေရန် ဝိုင်းဝန်း ဆောင်ရွက်ရင်း ရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့က အမှာစကား များပြောကြားကြပြီး မြို့မိမြို့ဖဦးလခရိ ဇော်ဘောက်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေ က မြစ်ကြီးနား လူမှုအခြေပြု ဗဟိုဌာန (Community Centre) ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ချက်သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဒေါက်တာသန့်သော်ကောင်းတို့ထံ ပေးအပ် သည်။

ဆက်လက်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်းက ချက်သမ္မတနိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ချက်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက် သော ရွှေ့ပြောင်းစာကြည့်တိုက် (Mobile Library Bus)၊ မြစ်ကြီးနား လူမှုအခြေပြု ဗဟိုဌာန ပင်မအဆောက်အအုံအတွင်းရှိ ပြတိုက်ငယ် (Museum)၊ ကလေး စာဖတ်ခန်း၊ စာကြည့်တိုက်၊ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ လေဟာပြင်ကိုယ်ကာယ လေ့ကျင့်ရေးကွင်း၊ စာအုပ် အရောင်းဆိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခရိုင်ရုံး၊ Youth Centre နှင့် ကိုယ်ကာယ လေ့ကျင့်ရေးခန်းမတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

ပြည်နယ်ပြန်/ဆက်