အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်ထု များပန္နက်တင် တပ်ဆင်ပွဲ အခမ်းအနားတက်ရောက် နေရပ်ပြန်မြန်မာအလုပ်သမားများအား တွေ့ဆုံအားပေး

မြဝတီ ဇူလိုင် ၁၆

အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းသည် ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့၊ ရွှေ့ပြောင်း အလုပ်သမားရုံး၌  ဖွင့်လှစ် ထားသည့် အလုပ်သမားများ ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ ရောက်ရှိပြီး ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား နွေးနွေး ထွေးထွေးကြိုဆို၍ အားပေးစကား ပြောကြားမှုနှင့်အတူ အလုပ်သမားများအား ပြန်လည် လက်ခံမှု၊ နေရပ်ပြန်လည် ပို့ဆောင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ကြည့်ရှုအားပေးသည်။

အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက နေရပ်ပြန် မြန်မာအလုပ်သမားများအား အားပေးစကား ပြောကြားရာတွင် မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိ ပြီဖြစ်သည့်အတွက် စိုးရိမ်ကြောင့်ကျရန် မလိုတော့ပါကြောင်း၊ မိမိတို့အခက်အခဲများအား တာဝန်ရှိသူများကို ပွင့်ပွင့် လင်းလင်းပြောပြနိုင်ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လွှတ်တော်တွင် ရင်းနှီးမြှုပ်နှံမှုဥပဒေကို အသစ်ပြဌာန်းပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေကိုလည်း ရေးဆွဲပြဌာန်း ထားပါကြောင်း၊ နိုင်ငံခြားကုမ္မဏီများ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာသည့်အခါ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာမည်ဖြစ်ပါကြောင်း၊ အလုပ်အကိုင်များ ပေါ်ပေါက်လာပါက မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတကရေး စေတနာအရင်းခံဖြင့် လုပ်ကိုင် ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဌသည် နေရပ်ပြန် မြန်မာအလုပ်သမားများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌသည် မြဝတီမြို့၊ အာဇာနည် ပန်းခြံ၌ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်ထုများ ပန္နက်တင် တပ်ဆင်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် အမျိုးသာလွှတ်တော်ဥက္ကဋ္ဌသည် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကြေးရုပ်ထုအား ပန္နက်တင် တပ်ဆင်ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးသည်။

ဆက်လက်၍ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ရုပ်ထုများအား တာဝန်ရှိသူများက ဆက်လက် တပ်ဆင်ကာ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဌသည် မြဝတီမြို့နယ် စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပြီး လွှတ်တော်ရန်ပုံငွေ ခွဲဝေချထားပေးမှု၊ သုံးစွဲမှုနှင့် လွှတ်တော်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မှာကြား ခဲ့သည်။

ထိန်လင်းအောင်(ပြန်/ဆက်)