သီတဂူဆရာတော် သက်တော် ၈၀ ပြည့် မွေးနေ့ အထိန်း အမှတ် ကြေးသွန်းခေါင်းလောင်းကြီး စတင်သွန်းလောင်း

စစ်ကိုင်း ဇန်နဝါရီ ၁၁

သီတဂူဆရာတော်ကြီး သက်တော် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ သီတဂူဝိပဿနာရိပ်သာ၌ ထားရှိပူဇော်ရန် ကြေးပိဿာချိန် ၈၀၀၀ ရှိ ကြေးသွန်း ခေါင်းလောင်းကြီးကို ဇန်နဝါရီ ၁၁ ရက် နံနက် ၃ နာရီက စတင်သွန်းလောင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေးသွန်းခေါင်းလောင်းကြီးအား ပုသိမ်ကြီးမြို့နယ် မြောက်တံတား ရှည်ကျေးရွာရှိ ရွှေခေါင်းလောင်းခြံ၌ သွန်းလောင်းနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောကြားသည်။

“ရွှေစည်းခုံစေတီရဲ့ ခေါင်းလောင်းပုံစံ သွန်းလောင်းထားတာပါ။ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ ခေါင်းလောင်းပုံစံ အသစ်ပါ။ ရှစ်ပေရှိပြီး လုံးပတ်အဝက ခြောက်ပေခွဲရှိ ပါတယ်။ ဆရာတော်ကြီး သက်တော် ၈၀ ပြည့် မွေးနေ့မှာ ဖွင့်လှစ်ပေးမှာပါ” ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သောတပန်ကျေးရွာအုပ်စု ပတ္တမြား တောင်ခြေ၌ ၂၀၁၀ ပြည့်နှစ်က စတင်တည်ဆောက်နေသည့် သီတဂူဝိပဿနာ ရိပ်သာကြီးမှာလည်း ယခုအချိန်တွင် ပြီးစီးလုနီးပါးရှိနေပြီဖြစ်ရာ ၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်(တပေါင်းလပြည့်)နေ့တွင် ရောက်ရှိမည့် ဆရာတော်ကြီး သက်တော် ၈၀ ပြည့် မွေးနေ့တွင် အဆိုပါ သီတဂူဝိပဿနာရိပ်သာနှင့် ယောဂီအဆောင်များ ဆရာတော် ရဟန်းပျိုဘ၀ ပုံတူကြေးသွန်းရုပ်တုနှင့် ကြေးသွန်းခေါင်းလောင်းကြီးတို့ကို ဖွင့်လှစ် ပေးမည့်အပြင် ထပ်မံတည်ဆောက်မည့် ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိသမိုင်းပြတိုက် အုတ်မြစ်ချမင်္ဂလာနှင့် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတက ဆရာတော်ကြီးအား သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ ဖြစ်သော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ကြီးကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၌ အမြင့်ဆုံး တည်ထားကိုးကွယ်မည့် အိန္ဒိယနိုင်ငံမှ မဟာဗောဓိပုံစံ အဘိဓဇစေတီအတွက် ပန္နက်ချမင်္ဂလာအခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)