မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၀

(၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌  ဆက်လက်ကျင်းပလျှက်ရှိသည်။

နံနက် ၇ နာရီမှစတင်၍ ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းဝန်းအတွင်း သတ်မှတ်နေရာများအလိုက် ခင်းကျင်းပပြသထားသည့် မြန်မာ့ ကျောက်မျက်ရတနာများကို လေ့လာကြည့်ရှုကြပြီး တင်ဒါများကို လွတ်လပ်စွာ တင်သွင်းလျှက် ရှိသည်။

ယနေ့တွင် ကျောက်စိမ်းတွဲအမှတ် ၄၄၀၁ မှ ၅၅၀၀ ထိ  ကျောက်စိမ်းတွဲ ၁၁၀၀ မှ တင်ဒါ အောင်မြင်သူများစာရင်းကို ထုတ်ပြန်ကြေညာပြီး တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက်ကြသည်။

ဆက်လက်၍ ကျောက်စိမ်းအတွဲအမှတ် ၅၅၀၁ မှ ၆၅၆၁ ထိ ကျောက်စိမ်းတွဲ ၁၀၆၁ တွဲ၏ တင်ဒါတင်သွင်းခြင်းကို ယနေ့ ညနေ ၅ နာရီခွဲတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် ဝယ်ယူခွင့်ရရှိသူများစာရင်းကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြသရောင်းချပွဲသို့ ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာ ကုမ္ပဏီ ၁၈၉၄ ခုနှင့် ပြည်တွင်းပြည်ပ ကျောက်မျက် ရတနာကုန်သည် ၅၃၁၁ ဦး တက်ရောက်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ယနေ့အထိ ကျောက်စိမ်း အတွဲအမှတ် ၁ မှ အတွဲအမှတ် ၅၅၀၀ ထိ ပြသရောင်းချ ခဲ့ရာ ကျောက်စိမ်းအတွဲ (၄၂၈၂) တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။

(သတင်းစဉ်)