ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဩဂုတ် ၁၀

မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၈ နာရီတွင်  မန္တလေးတက္ကသိုလ် အတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မန္တလေး တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကျောင်းသားသမဂ္ဂရုံးခန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသား ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သည့်အတိုင်း အနာဂတ်ကို ပိုင်ဆိုင် သော ကျောင်းသား ကျောင်းသူများအနေဖြင့် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက် အောင်ကြိုးစားပြီး တိုင်းပြည်၏ ကောင်းကျိုးသယ်ပိုးနိုင်ရန်နှင့် နိုင်ငံတကာတွင်ရှိသော လူငယ်များနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော လူငယ်များဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ တကာတက္ကသိုလ်များတွင် ပညာသင်ယူနေသည့် ကျောင်းသားများတွင် အဖွဲ့အစည်းများ ရှိကြပြီး တက္ကသိုလ်ကျောင်းသား အချင်းချင်းပူးပေါင်းကာ သင်ယူနေသည့် ဘာသာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တက္ကသိုလ်၏ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်နေကြ ပါကြောင်း၊ မိမိတို့တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည်လည်း အချင်းချင်း တွေ့ဆုံ ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေးအတွက် ကျောင်းသားသမဂ္ဂရုံးခန်းကို ဖွင့်လှစ်ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း၊ ဘွဲ့ရရှိသွားသည့်အခါတွင်လည်း နိုင်ငံတကာတွင် ရှိသော လူငယ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောလူငယ်များ အဖြစ်ကျရာ အခန်းကဏ္ဍမှ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်အတွက် တန်ဖိုးရှိသောပူးပေါင်း ဆောင်ရွက်မှုဖြင့် ပါဝင်ဆောင်ရွက်ကြစေလို ပါကြောင်း  ‌ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူး တင် စကားပြောကြားသည်။

ထို့နောက် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်လှစ်ပွဲ အမှတ်တရပစ္စည်းများ ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)