ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် ဩဂုတ် ၁၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီးတို့သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-Kyun နှင့်ဇနီး ဦးဆောင်သော ကိုရီးယားလွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစားခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ တို့သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးနှင့် လွှတ်တော်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး တို့အပေါ် အပြန်အလှန် ဆုတောင်းစကား ပြောကြားကြပြီး အတူတကွ ညစာသုံးဆောင်ကြသည်။

ဂုဏ်ပြုညစာသုံးဆောင်နေစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များအား ပန်းခြင်း ပေးအပ်ကြသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

(သတင်းစဉ်)