နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ - ဆွစ်ဇာလန် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၁၀

မြန်မာ - ဆွစ်ဇာလန် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ် (၆၀) ပြည့် အထိမ်းအမှတ် အခမ်း အနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Sofitel Hotel (The Lake Garden Hotel) ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်သည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E.MR. Paul R. Seger ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ Mr. Sebastian See- Schierenberg ၊ Ms . Katherine Lewiston ၊ ဦးအောင်မိုးကျော်၊ ဒေါ်ဒါလီခင်ဇော်၊ Mr. Roger´s Orphanage မိဘမဲ့ဂေဟာ (ရန်ကုန်) နှင့် Kachin Baptist Church (ရန်ကုန်) တို့မှ အမျိုးသား၊ အမျိုးသမီးငယ်လေးများက မြန်မာ - ဆွစ်ဇာလန် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ် (၆၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း များ သီဆိုဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ - ဆွစ်ဇာလန် နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု နှစ် (၆၀) ပြည့်အထိမ်းအမှတ်ဂုဏ်ပြု ဆုတောင်းစကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာ - ဆွစ်ဇာလန်နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု နှစ် (၆၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုတေးသီးချင်း သီဆိုဖျော်ဖြေကြသူများအား အမှတ်တရပန်းစည်း ပေးအပ်ပြီး နှုတ်ဆက်စကား ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

(သတင်းစဉ်)