ICT နည်းပညာကို အကျိုးရှိအောင် ဘယ်လိုအသုံးချကြမလဲ(၂)

Tue, 05/16/2017 - 14:56 -- moi-admin

သန်းဖြိုးနိုင်(ကညင်ကျိုး)

ပြီးခဲ့တဲ့ ရက်ကတော့ ICTသတင်းအချက်အလက် တွေကို ခေတ်မီနည်း ပညာသုံးပြီး ကျွန်တော်တို့ကိုယ်စီ အကျိုးစီးပွားအတွက် ဘယ်လိုအကျိုး ရှိအောင်သုံးစွဲ ကြရမယ်။ ဒီလိုသုံးစွဲတဲ့နေရာမှာလည်း ဘယ်အချက် တွေကိုတော့ ရှောင်ကြရမယ်။ ဘယ်အချက်တွေကို တော့ ဆောင်ကြရ မယ်ဆိုတာကို ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ဒီအပိုင်းမှာတော့ ဒီနည်း ပညာတွေသုံးပြီး ကျွန်တော်တို့ နိုင်ငံအတွက်၊ ကျွန်တော် တို့ လူမှုဝန်းကျင်အတွက် အကျိုးရှိအောင်၊ တိုင်းပြည်ကြီး တစ်ခုလုံးတိုးတက်ကြီးပွားအောင်၊ မြို့ပြစနစ်တွေ ကောင်းမွန်သန့်ရှင်း သာယာလှပနေအောင်နဲ့ ဌာနဆိုင်ရာ တွေနဲ့အမှုအခင်းတွေမှာ အဂတိ တရားတွေ ကင်းရှင်း အောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ကိုယ်တိုင် သွားလေ့လာခဲ့ဖူးတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီICT နည်းပညာကိုအသုံးချပြီး သူတို့နိုင်ငံ့ တိုးတက်မှု ရအောင်ဆောင်ရွက်နေတဲ့ အကြောင်းတွေကိုဥပမာပြု တင်ပြရင်း ဆွေးနွေးသွားဖို့ ရည်ရွယ် ထားပါတယ်။

သူတို့ဘာကြောင့်တိုးတက်နေသလဲ

ယနေ့အချိန်အခါဟာ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်း အချိုးအကွေ့တစ်ခု၊ ခေတ်ပြောင်းခေတ်လွှဲ တစ်ခုလို့ဆိုနိုင်သလို ခေတ်ဟောင်းက အတွေးအခေါ်၊ အမူအကျင့်တွေ၊ မအောင်မြင်တဲ့ပြုကျင့်နည်းစနစ်တွေ၊ အလုပ်မဖြစ်တော့တဲ့ လုပ်ထုံးလုပ်နည်းတွေကို စွန့်ခွာပြီး လမ်းသစ် ထွင်လျှောက်ကြရမယ့် အချိန်အခါတစ်ခုလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ယနေ့အာရှမှာ အောင်မြင် ကျော်ကြားနေကြတဲ့နိုင်ငံတွေ၊ ခေတ်မီတိုး တက်နေကြတဲ့ နိုင်ငံတွေကို သူတို့ဘာကြောင့် ကြီးပွားတိုးတက်လာ နေသလဲလို့ လေ့လာကြည့်လိုက်ရင် သူတို့ဟာ ခေတ်မီနည်းပညာတွေကို တီထွင်ကြံဆထုတ်လုပ်ရောင်း ချကြခြင်း၊ ထိုနည်းပညာတွေကိုအသုံးပြုပြီး တိုင်းပြည် တိုးတက်အောင်ဆောင် ရွက်ကြခြင်းနဲ့ နောက်ဆုံးအချက် တစ်ခုကတော့ နိုင်ငံတစ်ခုက အောင်မြင်နေတဲ့နည်းပညာ ကို အခြားနိုင်ငံတစ်ခုက အတုယူအားကျထပ်မံဆန်းသစ် တီထွင်ပြီး လိုက်ပါလုပ်ဆောင်ကြတဲ့အချက်တွေကို လေ့လာမိကြမှာပါ။

ဥပမာအနေနဲ့ ပြောပြရရင် ဂျပန်နိုင်ငံဆိုရင်လည်း အင်္ဂလန်တို့၊ အမေရိကန်နိုင်ငံတို့ဆီက ကောင်းမွန် တိုးတက်တဲ့ နည်းပညာတွေ၊ ဥပဒေတွေကို ပုံတူကူးချ အတုယူပြီး တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသလို အခုတောင် ကိုရီးယားနိုင်ငံဆိုရင်လည်း ဂျပန်နိုင်ငံက နည်းပညာတွေနဲ့ ဥပဒေတွေကို အတုယူပြီး ပိုမိုတိုးတက် အောင် ဆန်းသစ်တီထွင် ခဲ့ကြတာကိုလည်း လေ့လာခဲ့ ရပါတယ်။

ကျွန်တော်တို့ ဘာတွေ အတုယူသင့်သလဲ

ဒီအတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း သူများ နိုင်ငံတွေက ကောင်းတဲ့နည်းစနစ်တွေ၊ ကောင်းမွန် ပြည့်စုံတဲ့ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေကို အတုခိုး နမူနာယူဆောင်ကြပြီး အကြံချင်းတူရင် နောက်လူသာစမြဲ ဆိုသကဲ့သို့ သူတို့ထက်ခေတ်မီအောင်၊ တိုးတက်အောင်၊ ကြီးပွားအောင်ဆောင်ရွက်ကြရမယ့် အချိန်ကာလ တစ်ခုကို ရောက်နေ ပါပြီလို့ဆိုခဲ့ရင်လည်း မှားနိုင်ဖွယ်ရာ မရှိဘူးလို့ထင်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို လေ့လာလိုက်ရင် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့တဲ့သူတွေ အများကြီးအနေနဲ့ တိုင်းတစ်ပါးတွေကို သွားလာခဲ့ကြ၊ လေ့လာခဲ့ကြတာတွေ ရှိခဲ့ပေမယ့်လည်း ကိုယ့်နိုင်ငံအတွင်းမှာတော့ ပြန်လည် ဖော်ဆောင်ကျင့်သုံး လုပ်ဆောင်တာတွေမရှိခဲ့လို့သာ ဒီနေ့ အချိန်အခါမှာ ဒီလိုအခြေအနေတွေဖြစ်တည်နေ ကြရတာဖြစ်တယ်လို့လည်း ကောက်ချက်ဆွဲကြရမှာဖြစ် ပါတယ်။ ဒါဟာအမှန်တရားတစ်ခုပဲဖြစ်သလို လိုရာကိုဆွဲယူ တွေးတောရေးသားတင်ပြ နေခြင်း မျိုးလည်း မဟုတ်ဘူး ဆိုတာကို ဝန်ခံလိုပါတယ်။ ဒီအတွက်ပဲ သူတို့ ဘယ်လိုလုပ်နေသလဲ။ ကျွန်တော် တို့ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကြည့်ကြရအောင်ပါ။

တောင်ကိုရီးယားနိုင်ငံ၏ နည်းပညာတိုးတက်မှု သမိုင်းအကျဉ်း

ဒီနေရာမှာအလျဉ်းသင့်လို့ တောင်ကိုရီးယားနိုင်ငံ အနေနဲ့ သူတို့နိုင်ငံကို တိုးတက်ခေတ်မီအောင်ဆောင်ရွက် ခဲ့ကြတဲ့နေရာမှာ အဓိက အခန်း ကဏ္ဍက ပါဝင်ခဲ့တဲ့ နည်းပညာကို သူတို့ဘယ်လို တိုးတက်အောင်ဆောင် ရွက် ခဲ့ကြတယ်ဆိုတဲ့ သမိုင်းလေးကိုလည်း အကျဉ်းမျှ တင်ပြ ချင်ပါသေး တယ်။ သူတို့နိုင်ငံမှာ လက်ရှိဆက်သွယ်ရေး ဂြိုဟ်တုငါးလုံးရှိနေပြီး အင်တာနက်မြန်နှုန်းစနစ်က ကမ္ဘာမှာဒုတိယအဆင့်ရှိနေပါတယ်။ ၁၈၈၅ ခုနှစ် ကတည်းက ဆက်သွယ်ရေးစနစ်ကို စတင်သုံးစွဲခဲ့ပြီး ၁၈၉၆ မှာတော့ သူတို့ကိုယ်ပိုင်ဆက်သွယ်ရေးဖုန်းများကို စတင်တီထွင် ခဲ့ကြပြီး ခေတ်အဆက်ဆက်အလိုက်တိုးမြှင့် အောင် ဆောင်ရွက်ခဲ့ကြတာ ၁၉၁၁ ခုနှစ်မှာတော့ ပထမ ဦးဆုံး ဝါယာလက်ရေဒီယိုစနစ်ကို တီထွင်အသုံးပြုနိုင်ခဲ့ ကြပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၁၉၃၅ ခုနှစ်မှာ အိတ်ချိန်းစနစ် ကိုပြောင်းလဲနိုင်ခဲ့ကြပြီး ၁၉၄၈ ခုနှစ်မှာ ဝန်ကြီးဌာနတစ်ခုအဖြစ် ဖွင့်လှစ်နိုင်ခဲ့ကြပါတယ်။ ဒီနောက် မှာတော့ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၉၆၂ ခုနှစ်အရောက် မှာတော့ “Chaesin.No.1”ဖုန်းကို စတင်ထုတ် လုပ်ခဲ့ကြပါ တော့တယ်။ ၁၉၇ဝ ခုနှစ်မှာ ဂြိုဟ်တုစနစ်ကို စတင် ပြောင်းလဲနိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲခဲ့ကာ ၁၉၉၆ ခုနှစ်အရောက်မှာတော့ CDMA ဖုန်းများကို စတင်ထုတ်လုပ် သုံးစွဲနိုင်ခဲ့ကြပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ အင်တာနက်မြန်နှုန်းမြှင့် စနစ်ဖြစ်ခဲ့ကာ ၂ဝ၁၁ ခုနှစ်မှာ4G(4th Generation Mobile Commiration) အထိ တိုးတက်ခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ ပိုမိုတိုးတက် ခဲ့ကြကြောင်း လေ့လာခဲ့ရပါတယ်။

သူတို့နိုင်ငံရဲ့ICT ဆက်သွယ်ရေးစက်မှုကဏ္ဍသက်တမ်းဟာ အခုဆိုရင်နှစ်ပေါင်း ၁၃ဝ တိုင်ခဲ့ကြောင်း တွေ့ရှိ ရခဲ့ရသလို ထိုအချက်ကပင်လျှင် ၎င်းတို့ နိုင်ငံ တိုးတက်စေခဲ့တဲ့ အဓိက အချက်ဖြစ်ကြောင်း သုံးသပ်ရရှိ ခဲ့ပါတယ်။ သူတို့နိုင်ငံအနေနဲ့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှာ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ခြင်း၊ ဖုန်းများတီထွင်ခြင်း၊ ရုပ်သံစက်များ ကိုယ်ပိုင်တီထွင်ခြင်းများကို ဂျပန်နိုင်ငံထံမှ အတုယူပြီး ကြိုးစားဆောင်ရွက်ခဲ့ကြောင်းကိုပါ တွေ့ရှိခဲ့ ရတာပါ။ ပထမဦးဆုံးကတော့ သူတို့နိုင်ငံရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကိစ္စတွေ၊ စီးပွားရေးလုပ်ငန်း တွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဒီ ICT နည်း ပညာကို ဘယ်လိုအသုံးချပြီး ပြည်သူတွေကို ဘယ်လို ဝန်ဆောင် မှုတွေပေးနေတယ်။ အချိန်၊ လုပ်အား၊ ငွေကြေး တွေ အရာရာသက်သာပြီး အဂတိလိုက်စားမှုတွေကို လျှော့ချနိုင်ခဲ့တဲ့အကြောင်းက စပြောကြ ရအောင်ပါ။

တရားရုံးတွေမှာ ဘယ်လိုအသုံးချကြတာလဲ

ပထမဦးဆုံးအနေနဲ့ တရားစီရင်ရေးအကြောင်းက စပြောရရင် အမှုတစ်ခုဖြစ်တယ်ဆိုကြပါစို့။ တရားလို ဘက်က သူစွဲချင်တဲ့ အမှုအကြောင်းကို ရှေ့နေဆီကို ဖုန်းနဲ့ ပြောတိုင်ပင်ပြီး ရှေ့နေက အမှုတွဲပြင်ဆင်ပြီး ဥပဒေရုံးကEmail (သို့မဟုတ်) Viber နဲ့သာ ပေးပို့လိုက်ပါတယ်။ဥပဒေရုံးကလည်း ဒီအပေါ်စိစစ်ပြီးလိုအပ်တာကို Online ပေါ်ကပဲ ပြန်တောင်းပြီး နောက်အချက်အလက်ပြည့်စုံရင် တရားရုံးကို Online ကနေပဲ ပို့ပါတယ်။ တရားရုံးကလည်း ပေးပို့လာတဲ့ အမှုကိုစိစစ်ပြီး ဘယ်နေ့မှာ အမှုကို စစစ် မယ့်အကြောင်းနဲ့ ဘယ်သူ့ဘက် ကို အရင်စစ်မယ် ဆိုတာကို ဖုန်းMessage၊ Email၊ Gmail၊ Viber၊ Skype တွေက တစ်ဆင့်ဆက်သွယ်ပေးပို့ပြီး အမှုစစ်ကြတဲ့အခါမှာ လည်း Video.Conferecing နဲ့သာ စစ်ကြပါတယ်။ တရားသူကြီးတွေ၊ တရားရုံး ဘက်ကလည်း ဒီကိစ္စတွေ အပေါ် PaperlessSystem နဲ့သာ ဆောင်ရွက်ကြသလို အမှုကို စီရင်ချက်အမိန့်ကိုလည်း တရားလို၊ တရားခံတွေ ထံကိုOnline ကနေတစ်ဆင့်သာ ပေးပို့ပေးကြတယ်။ စီရင်ချက်အပေါ်မှာ ငွေကြေးဒဏ်ပေးဆောင်ကြရမယ် ဆိုရင်လည်း သူတို့ရဲ့ဘဏ်အကောင့်တွေ၊ ငွေပေးချေတဲ့ ကတ်(Credit Card)တွေ ကနေတစ်ဆင့်ပဲ ပေးချေကြရသလို ထောင်ဒဏ်ကျခံကြရမယ် ဆိုရင်လည်း အပြစ်ချခံရသူက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာ သူကျခံ

ရမယ့် ထောင်ကို သွားကြရတာကို လွယ်ကူရှင်းလင်းစွာတွေ့မြင် ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒီလိုတွေစစ်ဆေးနေတာ၊ ဆုံးဖြတ်နေတာတွေ ကိုလည်း အများပြည်သူတွေအားလုံး အချိန်နဲ့အညီသိရှိကြဖို့ တရားရုံးတွေရဲ့ ဝက်ဘ်ဆိုက် တွေမှာ Live Show တိုက်ရိုက်လွှင့်ပေး ထားတာကိုလည်း သိမြင်ခဲ့ ရပါတယ်။

ဆိုလိုချင်တာကတော့ ဒီလ ိုOnline ကနေICTနည်း ပညာကိုအသုံးချပြီး နိုင်ငံနဲ့အဝှမ်းမှာဖြစ်ပေါ်နေတဲ့ အမှု တွေကို စစ်ဆေးစီရင်ဆုံးဖြတ်ကြတဲ့အခါ ပြည်သူတွေ အတွက် သွားလာကြရမယ့်အချိန်တွေ၊ ကုန်ကျရမယ့် ငွေကြေးတွေ၊ အမှုအတွက်ပြုစုကြရမယ့် စာရွက်စာတမ်း တွေအတွက် ကုန်ကျစရိတ်နဲ့ အမှုအတွင်း ဖြစ်ပေါ်လာနိုင် မယ့် အကျင့်ပျက်ခြစားမှုတွေကို လျှော့ချကာကွယ်နိုင်ပြီး အလုပ်ပျက်အကိုင်ပျက်မဖြစ်ကြရပါဘူး။

ယာဉ်တိုက်ခိုက်မှုတွေမှာ ဘယ်လိုဆောင်ရွက်ကြသလဲ

ကိုယ်တိုင်ကြုံခဲ့ရတဲ့ ယာဉ်တိုက်မှုအကြောင်းပြန် ဖောက်သည်ချရရင်လည်း သူတို့ဒီအတိုင်းပဲ လုပ်ခဲ့ ကြတာကို တွေ့မြင်ခဲ့ရပါသေးတယ်။ ကားနှစ်စီးတိုက် ကြတဲ့အခါ သူ့ဘက်ကိုယ့်ဘက် စကားအချေအတင် ဖြစ်တာတွေ၊ ယာဉ်ထိန်းရဲကိုစောင့်ပြီး စစ်ဆေးကြတာ တွေမရှိဘဲ ဖြစ်တဲ့အခြေအနေ၊ ပျက်စီးဒဏ်ရာရမှု ပမာဏတွေကိုသာ သူ့ဘက်ကိုယ့် ဘက်ရှုထောင့်အမျိုးမျိုးက ဓာတ်ပုံတွေအသီးသီးရိုက်ယူနေကြပြီး ပျက်စီးမှုရှိရင် လည်း အာမခံ ထားတဲ့ကားကုမ္ပဏီတွေက လာယူ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အချက်အလက် တွေကိုသာ ကိုယ်စီရှေ့ နေတွေကို ပေးပို့ပြီး အမှုကိုတော့ အပေါ်ကအတိုင်း စစ်ဆေးကြပြီး အမှုရှုံးသူက တစ်ဖက် ဆုံးရှုံးမှုကို လျော်ကြေးပေးတာတွေ၊ လူအသေအပျောက် ရှိရင်လည်း ထောင်ကျခံရတာတွေ လုပ်ကြရတယ်လို့ လေ့လာခဲ့ရ ပါတယ်။

မြို့ပြစနစ်မှာ ဘယ်လိုသုံးကြသလဲ?

နောက်တစ်ခု ဆက်ဆွေးနွေးကြရမယ့်အကြောင်း ကတော့ မြို့ပြစနစ်မှာ ICT နည်းပညာကိုသုံးပြီး မြို့တော် တစ်ခုလုံး သန့်ရှင်းနေအောင်၊ စနစ်တကျရှိနေ အောင်၊ ရာဇဝတ်မှုတွေကင်းရှင်းနေအောင် ဆောင်ရွက် ကြတဲ့ နည်းပညာတွေပါ။ ဒါကတော့ မြို့ရဲ့လမ်းဆုံ လမ်းခွ၊ မီးပွိုင့်တိုင်း၊ ဈေးတိုင်း၊ လမ်းကြိုလမ်းကြား တိုင်းနဲ့ဆိုင်တိုင်း၊ စားသောက်ဆိုင်တိုင်း၊ အိမ်အဝင်ဝ တိုင်းမှာ CCTV တွေတပ်ဆင်ထားကြပြီး တစ်နေရာ တည်းကနေ ထိန်းချုပ် စောင့်ကြည့်ကြတဲ့စနစ်ပါ။ ဒီလို စောင့်ကြည့်ထိန်းချုပ် ကြတဲ့အခါ လမ်းဖြတ်ကူးတာက အစ၊ အမှိုက်ပစ်တာကအဆုံး မိမိကို တစ်ဦးဦးက စောင့်ကြည့်နေသလို ခံစားကြရပြီး ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်း ပြည်သူတွေကလည်း လိုက်နာကြတာကိုလည်း အမှန်အတိုင်းပဲတွေ့ခဲ့ကြရပါ သေးတယ်။

Cyber Crime ကိစ္စတွေကိုဘယ်လိုထိန်းချုပ်သလဲ

ဒီအပိုင်းကိုတော့ အစိုးရဌာနဆိုင်ရာတွေက သူတို့ ချည်းလုပ်ဆောင်ကြ တာမျိုး မလုပ်ဘဲ ပြင်ပ IT ကုမ္ပဏီ များနှင့်ပါ ချိတ်ဆက်ထားပြီး စောင့်ကြည့်နေ ကြတဲ့ ဝန်ထမ်း၂ဝဝဝ ကျော်ရှိကြောင်း တွေ့ရှိရပါတယ်။ ကျန် ဌာနအားလုံးနှင့် ချိတ်ဆက်မှုအားလုံးကို E-System ဖြင့်သာ ဆောင်ရွက်နေကြပြီး သတင်းအချက်အလက် ကြိုတင်ရယူမှုစနစ် အားကောင်းကြောင်းကိုပါ တွေ့ရှိခဲ့ ရပါတယ်။

ထို့ပြင် အခြားသော အစိုးရဌာနများအချင်းချင်းနှင့် ချိတ်ဆက်ဆောင်ရွက် ကြရာတွင်လည်း E- Government System ဖြင့်သာ ဆောင်ရွက်တဲ့ အတွက် ငွေကြေး၊ အချိန်သက်သာပြီး အကျင့်ပျက်ခြစားမှုကင်းခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း၊ တရားမျှတခြင်းများဖြင့် တိုင်းပြည်သည်လည်း အချိန်တိုအတွင်း တိုးတက် ပြောင်းလဲကာ လူမှုအဖွဲ့အစည်းအတွင်းမှာ လည်း ဥပဒေစိုးမိုးမှုရှိလျက် အေးချမ်းသာယာနေကြောင်း မြင်တွေ့ခဲ့ ရပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် အခြားအခြားသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ် ရေးနဲ့ စက်မှုလုပ်ငန်းများမှာလည်း ထို ICT နည်းပညာကို ထိထိရောက်ရောက်အသုံးချပြီး E- Government System ကို လက်တွေ့အကောင် အထည်ဖော်အသုံးပြုခြင်းဖြင့် စာရွက်စာတမ်းများ၊ စာရေးကိရိယာများ၊ Printer များ၊ Copeir များ၊ စာလှည့်စက်များ၊ ဖိုင်ဖောက်စက်များ၊ ချုပ်စက်များ ဝယ်ယူရတဲ့ကုန်ကျစရိတ်တွေ၊ ကုန်ဆုံးသွားတဲ့ အချိန် တွေကို လျော့ပါးသက်သာစေကာ အစိုးရဌာနဆိုင်ရာ များအတွင်းမှာလည်း အဂတိတရားလိုက်စားမှုများကို ပပျောက်စေပြီး ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးစနစ်ကို လည်း ပြည်သူများ ထိတွေ့ခံစားနေ ကြရသည်မှာ အမှန်ပင် ဖြစ်ပါတယ်။ICTနည်းပညာကို အသုံးချပြီး အထက်ဖော်ပြခဲ့သလို လိုက်ပါပြုကျင့်ဆောင်ရွက်နိုင် ကြခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်း ပြည်သူနှင့်အစိုးရအကြား တရားဥပဒေ စိုးမိုးရေးစနစ် ပိုမိုထိရောက် ကောင်းမွန်လာပြီး နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းများလည်းICTနည်းပညာအရခိုင်မာတဲ့ သတင်းအချက်အလက်များ အပေါ်မူတည်၍ နိုင်ငံတော် သည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်း လဲမှုကို ဖြစ်ပေါ်စေနိုင်မည်မှာ အမှန်ပင်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။