သတင်းအချက်အလက်အတွက်

Sat, 05/13/2017 - 08:37 -- moi-admin

ရန်ကုန်မြို့ရှိ နာမည်ကြီးလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သတင်းစာတစ်စောင်ကို ကိုင်ထားသည့်လူငယ်က ယနေ့ နံနက်အတွက် စိတ်အဝင်စားဆုံးဖြစ်သည့် သတင်းတစ်ပုဒ်ကို အပေါင်းအသင်းတချို့အား ဦးဆောင် ဆွေးနွေး လျက်ရှိသည်။ သူပြောသည့် အကြောင်းအရာမှာ နိုင်ငံတကာအရေးဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ် အရေးကို အာပေါင်အာရင်းသန်စွာ ပြောဆိုနေခြင်းဖြစ်သည်။

 

ထိုလူငယ်တို့၏ နံဘေးစားပွဲဝိုင်းတွင် အသက်(၆ဝ) ကျော် အရွယ်ဝန်းကျင်ရှိကြသည့် လူကြီးပိုင်းအချို့ ထိုင်နေကြသည်။ သူတို့၏ လက်ထဲတွင် ဘာသာရေး အဆုံးအမများနှင့် ဘာသာရေးဆောင်းပါးများ ပါဝင်သည့် ဂျာနယ်တစ်စောင်နှင့် နေ့စဉ်ထုတ်သတင်းစာအချို့ကို ကိုင်ထားကြပြီး စိတ်အားထက်သန်ရာ သတင်းများကို ပြောဆိုရင်း၊ ဝေဖန်ရင်း အချေအတင် ဆွေးနွေးနေသည်။ အခြားဝိုင်းတွင် ဆယ်ကျော်သက် စုံတွဲတစ်တွဲက နေ့စဉ်ထုတ်သတင်းစာ တစ်စောင်၏ စာမျက်နှာပေါ်သို့ မျက်စိရောက်နေကြပြီး မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေ ခဲ့သော ကိုရီးယားထိပ်တန်း ကေပေါ့ပ်ဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် EXO နှင့်ပတ်သက်၍ ပြောဆိုနေကြသည်။

 

ပုံရိပ်ကျဆင်းနိုင်

 

မည်သို့ပင်ဖြစ်စေ ပြည်သူတို့သည် သတင်းခေတ်ကြီးတွင် အချိန်တိုင်း၊ နေရာတိုင်း သတင်းအချက် အလက်တို့သည် ပလူပျံလျက် ရွေးချယ်စရာပေါင်းများစွာပင်။ ပြည်သူတို့၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်အပေါ် နိုင်ငံတော်နှင့်စတုတ္ထမဏ္ဍိုင် မီဒီယာများက စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနေကြသည်။ နေ့စဉ် သတင်းအချက်အလက်များ သိရှိလိုအပ်နေမှုအနေအထားတွင် သတင်းမှန်များကို အချိန်နှင့် တစ်ပြေးညီရရှိပြီး ဘက်မလိုက်၊ စီးပွားရေး မဆန်၊ အဆိပ်အတောက်မရှိသည့် သတင်းအချက် အလက်များ ပြည်သူကိုပေးအပ်နိုင်ရေးသည် အရေးကြီးလာသည်။ ကောလာဟလသတင်းများနှင့် လိုရာဆွဲ၊ မဟုတ်မမှန် သတင်းမှားများ လွှမ်းမိုးသွားမည်ဆိုပါက ပြည်သူတို့၏ အသိအမြင်အတွေးအခေါ် လွဲမှားမှုအန္တရာယ်က အများပြည်သူတို့၏ အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်ပြားစေနိုင်မှုမှသည် နိုင်ငံတော်၏ ပုံရိပ်ကျဆင်း နိုင်သည်အထိ ခြိမ်းခြောက်လာမည်ဖြစ်သည်။

အများပြည်သူအတွက် အစိုးရ၏ လုပ်ဆောင်ချက်များကို သတင်းအချက်အလက်ပေးရန်နှင့် စပ်လျဉ်းသည့် မိန့်ခွန်းတစ်ရပ်ကို ၁၈၂၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ စတုတ္ထမြောက် သမ္မတဖြစ်သူ ဂျိမ်းစ်မဒီဆန် ပြောကြားခဲ့ဖူးပြီး မျက်မှောက်ခေတ်အခြေအနေတွင် နိုင်ငံအတော်များများက ယင်းအဆိုကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်နေကြသည်ကို မြင်တွေ့ရသည်။

 

''ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ တစ်ရပ်ဟာ အများပြည်သူကို သတင်း အချက်အလက် မပေးနိုင်ဘူး၊ ပေးဖို့နည်းလမ်းလည်းမရှိဘူးဆိုရင် အဲဒီအစိုးရဟာ ဟာသ၊ ဒါမှမဟုတ် အလွမ်းဇာတ်လမ်းတစ်ပုဒ်ရဲ့ အဖွင့်နိဒါန်းသာဖြစ်တယ်။ ဒါမှမဟုတ် နှစ်မျိုးစလုံး လည်းဖြစ်နိုင်ပါတယ်''ဟု သမ္မတ ဂျိမ်းစ်မဒီဆန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

သက်ရောက်မှုရှိ

 

မြန်မာနိုင်ငံတွင် သတင်းမှန်ပြန်ကြားရေးဟုဆိုလျှင် သတင်းများကို လျင်မြန်စွာ ထုတ်ပြန်နိုင်သည့် ရေဒီယိုနှင့် ရုပ်မြင်သံကြားကဲ့သို့ မီဒီယာများအပြင် ယနေ့ခေတ်တွင် ရှေ့တန်းရောက်လာသည့် အွန်လိုင်း မီဒီယာများကို မြင်တွေ့နိုင်ကြပြီး ဖွံ့ဖြိုးတိုးတက်သည့် ထိပ်တန်းနိုင်ငံကြီးများတွင်သာမက မြန်မာနိုင်ငံ တွင်ပါ ယနေ့အချိန်အထိ အဓိက အကျိုးပြု၊ သက်ရောက်မှုရှိနေသည့် မီဒီယာမှာ ''သတင်းစာ'' ဖြစ်သည်။

 

''သတင်းစာတွေ ဘယ်လောက်ထွက်လာထွက်လာ ကြေးမုံနဲ့ မြန်မာ့အလင်းကိုတော့ ပစ်ပယ်လို့မရပါဘူး။ သတင်းစာတွေရဲ့ တာဝန်ခံနိုင်မှု၊ တာဝန်ယူမှုနဲ့ အရေးကြီး တဲ့သတင်းတွေမှာ အချက်အလက်ကို အတိအကျနဲ့ဖော်ပြမှုတွေကို နိုင်ငံပိုင်သတင်းစာတွေမှာ မြင်တွေ့ရတယ်။ ဝေးလံတဲ့ဒေသအထိလည်း နိုင်ငံပိုင်သတင်းစာတွေက ပျံ့နှံ့ရောက်ရှိတယ်''ဟု သတင်းစာဖတ်ပရိသတ်တစ်ဦး က သူ့အမြင်ကို ပြောပြသည်။

 

လမ်းပန်းဆက်သွယ်ရေး အခြေခံယန္တရားပြည့်စုံသော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် သတင်းအချက်အလက် များစွာကို အွန်လိုင်း၊ Paper၊ ရုပ်သံစသည်ဖြင့် နိုင်ငံတစ်ဝန်းသာမက ကမ္ဘာတစ်လွှားအထိ ထုတ်ပြန် လွှမ်းခြုံနိုင်သော်လည်း မြန်မာနိုင်ငံတွင်မူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် နေရာများတွင်သာ နေ့စဉ်ထုတ်သတင်းစာများကို အချိန်မဆိုင်းမြင်တွေ့ရခြင်းဖြစ်သည်။ နေ့စဉ်ထုတ် သတင်းစာများ အားလုံးကို စုံလင်အောင် ဝယ်ယူဖတ်ရှုခွင့် မရရှိသေးသည့် ဒေသများရှိနေသေးသည်ကိုလည်း မြင်တွေ့ရသည်။ သို့သော် သတင်းမှန်များကို နိုင်ငံတစ်ဝန်းသို့ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် လွှမ်းခြုံနိုင်ရန်အပြင် နိုင်ငံတကာသို့လည်း ထိုးဖောက်ပျံ့နှံ့နိုင်ရေးမှာ အရေးကြီးသည့် လိုအပ်ချက်ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ နိုင်ငံရေး စနစ်မျိုးစုံ ကျင့်သုံးသည့်နိုင်ငံများနှင့် နယ်မြေဆက်စပ် နေသည့်အပြင် တိုင်းရင်းသားလူမျိုးစုများစွာ ရောနှော နေထိုင်ကြသည့်အလျောက် အထင်အမြင် လွဲမှားမှုများ မရှိစေရန်၊ သတင်းမှားများ၊ ကောလာဟလသတင်းဖြန့်ချိမှု တို့ကို ကာကွယ်ရန်နှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် မှုရရှိနိုင်ရန်အတွက် သတင်းအချက်အလက်မှန်များ လျင်မြန်စွာ ဖြန့်ဝေနိုင်ရေးသည် အရေးတကြီး လိုအပ်ချက် ဖြစ်နေသည်။

 

ဆက်သွယ်ပေါင်းကူး

 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအနေအထားနှင့် လက်ငင်းအခြေအနေများအရ ပြည်သူတို့၏ သတင်းအချက် အလက် သိရှိပိုင်ခွင့်အပေါ် ဖြည့်ဆည်းပေးရာ၌ နိုင်ငံပိုင်သတင်းစာများသည် အဓိကနေရာမှ ပါဝင်နေသည်။ အကြောင်းမှာ နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံတော်အစိုးရမှ ပြည်သူထံပေးလိုသည့် သတင်းအချက် အလက်များကို ဖော်ပြနေသကဲ့သို့ ပြည်သူတို့၏ ပြောဆိုသံ၊ ပြည်သူ့သဘောထားများကိုလည်း အစိုးရမှ တာဝန်ရှိသူများ သိရှိသုံးသပ်ဆောင်ရွက်နိုင်ရန် တစ်ပြိုင်တည်း ဖော်ပြပေးခြင်းဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံ ပေးနေသည့် ကြားခံယန္တရားတစ်ရပ်သဖွယ် ဖြစ်တည်နေသည်။ တစ်နည်းအားဖြင့် အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးနေခြင်းဖြစ်သည်။

 

သတင်းဝန်ဆောင်မှု

 

''အရင်က နိုင်ငံပိုင်သတင်းစာတွေဟာ တစ်လမ်းသွား ပုံစံနဲ့ တစ်ဖက်သတ်ဖော်ပြခဲ့တဲ့ ပုံစံကနေ အခုအချိန်မှာ နှစ်လမ်းသွားပုံစံနဲ့ နိုင်ငံတော်အစိုးရ (တစ်နည်းအားဖြင့်) မဏ္ဍိုင်သုံးရပ်က ပြည်သူတွေဆီကို အသိပေးတင်ပြ အစီရင်ခံတဲ့ သတင်းတွေကို ထုတ်ပြန်ပေးရပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့သဘောထား၊ ပြည်သူတွေနဲ့သက်ဆိုင်ပြီး ပြည်သူတွေ လိုအပ်ချက်တွေ ဖြစ်တဲ့ အစိုးရသိသင့်သိထိုက်တဲ့ သတင်းအချက်အလက် တွေကိုလည်း အပြန်အလှန်ဖော်ပြပေးတဲ့ပုံစံကို ပြောင်းလဲ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံပိုင်သတင်းစာတွေ ဟာ အစိုးရနှင့် ပြည်သူအကြားမှာ ကြားခံယန္တရားပုံစံနဲ့ ပေါင်းကူးတံတားသဖွယ် သတင်းဝန်ဆောင်မှု တာဝန် ထမ်းဆောင်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်''ဟု သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်က ပြောကြားသည်။

 

နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာနှစ်စောင်ကို မြန်မာဘာသာဖြင့် ထုတ်ဝေပြီး တိကျမှန်ကန်မျှတသည့် ဂုဏ်သိက္ခာမြင့်မားသော သတင်းစာများအဖြစ် ရပ်တည်နိုင်ရန်နှင့် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသည့် The Global New Light of Myanmar သတင်းစာကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းသည့် Joint Venture စနစ်ဖြင့် ဆောင်ရွက်နေပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် အဓိက သတင်းစာအဖြစ် ရပ်တည်နေရန် ကြိုးပမ်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

လိုက်နာလုပ်ဆောင်နေ

 

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးခဲ့မှု နှင့်အတူ နိုင်ငံပိုင်သတင်းစာများကိုလည်း ပြည်သူ့ ဝန်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲနိုင်ရန် ၂ဝ၁၂ ခုနှစ်မှစ၍ ပြင်ဆင်ဆောင်ရွက်လာခဲ့သည်။ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ သတင်းစာအုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အများပြည်သူဝန်ဆောင်မှု သတင်းစာနှင့် ပတ်သက်သည့် စာနယ်ဇင်းကျင့်ဝတ် (Code of Ethics)၊ အများ ပြည်သူဝန်ဆောင်မှု သတင်းစာ ဆရာများ၏ လုပ်ငန်းဆောင်ရွက်ပုံ စည်းမျဉ်းများ (Code of Conduct) နှင့် သတင်းစာတိုက်၏ အခြေခံ လုပ်ဆောင်မှု (Code of Practice) များကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ရေးဆွဲ ထုတ်ပြန်ကာ လိုက်နာလုပ်ဆောင်နေခြင်းဖြစ်သည်။

 

ကျင့်ဝတ်စည်းကမ်း

 

ထိုသို့ ဆောင်ရွက်ရာတွင် သတင်းစာဆရာများသည် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများကို လှုံ့ဆော်ခြင်း မပြုရန်၊ လူမျိုး၊ ဇာတိနှင့် ကိုးကွယ်သည့်ဘာသာကို အကြောင်းပြုပြီး မတရားဝေဖန်ပုတ်ခတ်ရေးသားခြင်း မပြုရန်၊ ထို့အပြင် အကျင့်သိက္ခာပျက်ပြားစေမည့် ရေးသားမှုများ၊ ညစ်ညမ်းမှုများ၊ သိမ်ဖျင်းရုန့်ရင်းသော စကားအသုံးအနှုန်းများ၊ မနာလိုသော မစ္ဆရိယစိတ်ဖြင့် စွပ်စွဲချက်များ၊ မမှန်ကန်သည့် အသရေပျက်စေသော ကြေညာချက်များ၊ ယင်းအချက်များနှင့် ငြိစွန်းသော သတင်း၊ ဓာတ်ပုံ၊ ကာတွန်း၊ ဆောင်းပါးနှင့် ကြော်ငြာများကို ပုံနှိပ်ထုတ်ဝေခြင်း မပြုရန်အချက်များကို အဓိကထား လုပ်ဆောင်ရခြင်း မှာလည်း သတင်းစာဆရာများ၏ အရေးကြီးသော ကျင့်ဝတ်စည်းကမ်းများတွင် ပါဝင်သည်။

 

ထို့ပြင် အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းကို ပြုစုရေးဆွဲခဲ့ပြီး ၎င်းဥပဒေကြမ်းပါ ပုဂ္ဂလိက မီဒီယာများမှ အများပြည်သူအကျိုးငှာ ဖော်ပြနိုင်ခြင်းမရှိသည့် အစီအစဉ်များအား ဖြည့်စွက်ပေးခြင်း၊ ပြည်သူလူထု၏ လိုအပ်ချက်နှင့် အကျိုးစီးပွားအား ဖြည့်ဆည်းပေးခြင်း၊ ပြည်သူလူထု၏အမြင်နှင့် ရှုထောင့် အမျိုးမျိုးတို့ကို ဖော်ပြပေးခြင်းဆိုသည့် အခြေခံမူကိုလည်း အတိအကျလိုက်နာ လုပ်ဆောင်ရန်မှာလည်း နိုင်ငံပိုင်သတင်းစာများ၏ အဓိက တာဝန်ဝတ္တရားတစ်ခုဟု မှတ်ယူထားကြောင်း သိရသည်။

 

အများပြည်သူဝန်ဆောင်မှုမီဒီယာနှင့် လူမှုတာဝန်သိသော မီဒီယာဆိုင်ရာ ကြော်ငြာမူဝါဒကိုလည်း ရေးဆွဲထုတ်ပြန်ခဲ့ပြီး ၎င်းမှ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်နှင့် အလားတူ အခြားပစ္စည်းများနှင့် ပတ်သက်သော ထုတ်ကုန် များအတွက် ကြော်ငြာများနှင့် ယင်းတို့ကို ရောင်းချမှု (သို့မဟုတ်) စားသုံးမှုအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အားပေးသည့် ကြော်ငြာများ၊ ယင်းထုတ်ကုန် တစ်ခုခုအတွက် အစားထိုးကြော်ငြာများ ဖော်ပြခြင်းမပြုရ စသည့် အချက်များစွာကိုလည်း နိုင်ငံပိုင်သတင်းစာများတွင် အလေးထားလိုက်နာခဲ့ကြောင်း တွေ့ရှိရသည်။

 

အကျိုးကျေးဇူး

 

''အများပြည်သူဝန်ဆောင်မှုမီဒီယာလုပ်ငန်းမှာ ပြည်သူတွေ ရရှိခံစားနိုင်မယ့် အကျိုးကျေးဇူးတွေ အများကြီး ပါဝင်ပါတယ်။ အဲဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေမယ့် အများပြည်သူအတွက် အကျိုးရှိစေမယ့် အချက်တွေထဲက နိုင်ငံပိုင်သတင်းစာတွေ လက်ငင်း လိုက်နာလုပ်ဆောင်နိုင်တဲ့ အချက်တွေကို ရနိုင်သမျှ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူတွေ အချိန်စောပြီး အကျိုးကျေးဇူးခံစားရမှာပါ''ဟု ဦးရဲနိုင်က ဆက်လက်ပြောကြားသည်။

 

အထူးဂရုပြုဆောင်ရွက်

 

အစိုးရ၏ ဝန်ကြီးဌာနများတွင် ဦးစီးဌာနနှင့် လုပ်ငန်းဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ဦးစီးဌာနများသည် လုပ်ငန်း စီမံချက်အလိုက် ဘတ်ဂျက်ရယူသုံးစွဲခွင့်ရပြီး လုပ်ငန်းများသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့် အားလျော်စွာ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ သတ်မှတ် လျာထားသည့် ဝင်ငွေရရှိအောင်ဆောင် ရွက်ကြရသည်။

 

နိုင်ငံပိုင်သတင်းစာလုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ သင့်တင့်သည့်အမြတ်ငွေ ရရှိနိုင်ရန် လျာထားသတ်မှတ် ထားရှိမှုအပေါ် ဝင်ငွေရရှိ အောင် စီမံဆောင်ရွက်ရသကဲ့သို့ နိုင်ငံတော်ဘဏ္ဍာငွေ အရှုံးမရှိစေရန် အတွက်လည်း အထူးဂရုပြုဆောင်ရွက်လျက်ရှိသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် နိုင်ငံပိုင်သတင်းစာများ ရောင်းချခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းများတွင် ဆောင်ရွက်သည့် ငွေကြေးသုံးစွဲမှုနှင့် အခွန်အခဆိုင်ရာများ အကြောင်းကို သိရှိနိုင်ရေးအတွက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ငွေစာရင်းမန်နေဂျာ ဒေါ်စန်းစန်းမြင့် အား မေးမြန်းရာ ''နိုင်ငံပိုင်သတင်းစာထုတ်ဝေတဲ့ လုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ နိုင်ငံပိုင်သတင်းစာ ဖြစ်လို့ဆိုပြီး အခွင့်ထူးခံအနေနဲ့ လုပ်ဆောင်တာမျိုး တစ်ခုမှမရှိပါဘူး။ လျှော့ဈေးနဲ့ရော၊ အခမဲ့ရော၊ အခွန်ကင်းလွတ်ခွင့်ပုံစံရော တစ်ခုမှရယူထားတာမရှိဘူးရှင့်။ ကုန်ကြမ်းဝယ်တာကနေ သတင်းစာကုန်ချော သယ်ယူတာကအစ အများတန်းတူ ပေးဆောင်နေရတာပါ။ သတင်းစာရောင်းချတာအပေါ် မူတည်ပြီး ကုန်သွယ်ခွန် ပေးဆောင်ပါတယ်။ အမြတ်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း ဝင်ငွေခွန်ပေးရပါတယ်။

 

နောက်ပြီး ၂ဝ ရာခိုင်နှုန်းကိုလည်း နိုင်ငံတော်ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရပါတယ်။ နှစ်စဉ် အမြတ်ငွေ ထဲကနေ ၅၅ ရာခိုင်နှုန်းကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် ထည့်ဝင် စုဆောင်းရပါတယ်။ ကျွန်မတို့ရဲ့ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအနေနဲ့ လုပ်ငန်းသုံးရင်းနှီးငွေ စုဆောင်းထားတဲ့ ပမာဏက အထိုက် အလျောက်လည်း ရှိလာပါပြီ။ ဒါကြောင့် နှစ်စဉ်အသုံးစရိတ်အတွက် သုံးစွဲနိုင်တဲ့ အနေအထားရှိလာလို့ ပြည်ထောင်စုရန်ပုံငွေစာရင်း ခေါင်းစဉ်ကနေ ကျခံသုံးစွဲခြင်း မပြုရတော့ပါဘူး''ဟု ရှင်းပြသည်။

 

ယုံကြည်မှုရရှိနေ

 

နိုင်ငံပိုင်သတင်းစာများသည် သတင်းနှင့် ကြော်ငြာများ ဖော်ပြခဲ့မှုတွင် အချက်အလက်ခိုင်မာ မှန်ကန်မှုကြောင့် ပြည်သူတို့၏ ယုံကြည်မှု (Trust) ရရှိနေသည်ဟု ယူဆနိုင်ပြီး အစိုးရသတင်းစာများတွင် မဖြစ်မနေ ထည့်သွင်း ကြော်ငြာနေခြင်းသည် ကြော်ငြာရှင်များ၏ အားကိုး အားထားပြုရာ သတင်းစာများအဖြစ် သတ်မှတ်ထားကြ သည်ဟု ယူဆရမည်ဖြစ်သည်။ နိုင်ငံပိုင်သတင်းစာများ တွင် လူမှုရေးကြော်ငြာများကို စီးပွားရေးကြော်ငြာနှုန်းထားများထက် ဈေးနှုန်းလျှော့ချလက်ခံပြီး ပြည်သူကို ဝန်ဆောင်မှု ပေးနေခြင်းမှာ နိုင်ငံတစ်ဝန်းသို့ သတင်းစာများ နေ့စဉ် အချိန်မီ ဖြန့်ချိနိုင်မှုအပေါ်မူတည်ပြီး သတင်းစာစောင်ရေ တိုးတက်မှုနှင့်အတူ ကြော်ငြာမှ ဝင်ငွေတိုးတက်ရရှိလာသည့် အတွက်ကြောင့် ပင်ဖြစ်ကြောင်း သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ သိရှိရသည်။

ဖတ်ရှုသူများပြားခြင်းနှင့် ကြော်ငြာအောင်မြင်မှုများကြောင့်လည်း သတင်းစာဖတ်သူများအတွက် ကျသင့်သည့် သတင်းစာထုတ်လုပ်စရိတ်ထက် နည်းပါးသည့် တန်ဖိုးဖြင့် သတင်းစာကို ပြည်သူများ ထံအရောက် တင်ဆက်နိုင်ခြင်းဖြစ်ကြောင်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးဟန်လင်းအောင်က ပြောသည်။

 

''တစ်စောင်ကို ငွေကျပ် ၅ဝ နဲ့ ရောင်းချပေးတယ် ဆိုတာက ပြည်သူအတွက် ဈေးသက်သက်သာသာနဲ့ သတင်းတွေကို သိရှိနိုင်အောင် ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေနဲ့ လုပ်ငန်းလည်ပတ်ရာမှာ အရှုံးမရှိခဲ့ဘဲ သင့်တင့်တဲ့ အမြတ်ငွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် နှစ်စဉ် ပေးသွင်း နိုင်တာကြောင့် အောင်မြင်တဲ့ နိုင်ငံ့စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပါတယ်''ဟု ပြောကြား သည်။

 

လိုက်နာလုပ်ဆောင်

 

နိုင်ငံပိုင်သတင်းစာလုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်သည်နှင့်အညီ လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူခြင်းကိုလည်း ဝန်ကြီးဌာနများ၏ စည်းမျဉ်းစည်းကမ်းအတိုင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ပြည်တွင်း၊ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ၏ အစီအစဉ်ဖြင့် နိုင်ငံတော်ထုတ်ပြန်ထားသည့် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာလုပ် ဆောင်နေကြောင်း သိရှိရသည်။

 

''ဌာနအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ လိုအပ်လာတဲ့အခါ တင်ဒါလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ပါတယ်။ အဲဒီထဲမှာ ဈေးနှုန်းမြင့်မားတဲ့ ပုံနှိပ်စက်ဝယ်ယူ တာလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ သတင်းစာတွေမှာ ဝယ်လိုတဲ့ ပစ္စည်းအမျိုးအစားနဲ့ အရေအတွက်ကို သတ်မှတ် ကာလအတွင်း ခေါ်ယူတာ၊ တင်ဒါသွင်းလာတဲ့ ပစ္စည်းတွေကို အရည်အသွေးစစ်ဆေး ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာစွာနဲ့ ကြိုတင် စစ်ဆေးတာ၊ စိစစ်ပြီးပစ္စည်းတွေရဲ့ ဈေးနှုန်းပိုင်ဆိုင်မှုကို စိစစ်ရွေးချယ်တာ၊ တင်ဒါအောင်မြင်ကြောင်း ကြေညာတာ၊ စာချုပ်စာတမ်းတွေနဲ့ တင်ဒါစည်းမျဉ်းစည်း ကမ်းတွေကို အတိအကျနဲ့ ဆောင်ရွက်ခဲ့တဲ့အပြင် CCTV တပ်ဆင်ပြီး လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုတာ၊ လုပ်ငန်းစဉ် အားလုံးကို ဗီဒီယိုမှတ်တမ်းတင်တာတွေကိုပါ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်''ဟု ဦးဟန်လင်းအောင်က ပြောကြားသည်။

 

အလေးထားဖော်ပြ

 

နိုင်ငံပိုင်သတင်းစာများအနေဖြင့် သတင်းအချက်အလက်များ ဖော်ပြရာတွင်လည်း ကန့်သတ်ချက် များရှိ နေသည်ကို မြင်တွေ့ရသည်။ အများပြည်သူ စိတ်ဝင်စားမှုနည်းသော်လည်း ပြည်သူများ အမှန်တကယ် သိသင့်သိထိုက်သည့် သတင်းများနှင့် ပညာပေးသတင်းများ၊ လူနည်းစု၊ တိုင်းရင်းသား အင်အားနည်းသူ အချို့၏ အခွင့်အရေးများနှင့် ပြည်သူတို့ ဆောင်ရန်ရှောင်ရန် သတိပေးအချက်အလက်များကိုလည်း ဖော်ပြပေးရန် အပြည့်အဝတာဝန်ရှိသည်ဟု ခံယူကာ ပေးဆပ်နိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိသည့်အပြင် ဆင်းရဲနွမ်းပါးသူများ၊ လျစ်လျူရှုခံထားရသူများ၊ ခွဲခြားဆက်ဆံခံရသကဲ့သို့ ဖြစ်နေသူများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးနှင့် ကလေး သူငယ်များနှင့်သက်ဆိုင်သော အရေးကိစ္စများကိုလည်း အလေးထားဖော်ပြပေး လျက်ရှိသည်။

 

ကန့်သတ်ချက်တွေရှိ

 

''နိုင်ငံပိုင်သတင်းစာတွေဖြစ်တာကြောင့် နိုင်ငံ့ပုံရိပ်နဲ့ အများကြီးသက်ဆိုင်တယ်။ သတင်းအချက်အလက် ခိုင်မာမှုရှိမှ ဖော်ပြရသလို အခေါ်အဝေါ်တွေ၊ အသုံးအနှုန်းတွေ၊ မြန်မာစာလုံးပေါင်း သတ်ပုံတွေ မှန်ကန် စေဖို့တွေ အပြင် ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ဌာန အတွင်းမှာ ပြဋ္ဌာန်း ထားတဲ့ ကျင့်ဝတ် တွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလည်း စံနမူနာအဖြစ်နဲ့ လေးစား လိုက်နာ ရပါတယ်။ ဒါကြောင့်လည်း အစိုးရ မီဒီယာတွေဟာ အခြားမီဒီယာတွေနဲ့အပြိုင် ဖော်ပြဖို့ ကန့်သတ်ချက်တွေ ရှိနေရသေးတယ်''ဟု ကြေးမုံသတင်းစာ၏ စာတည်းမှူးချုပ်(အယ်ဒီတာချုပ်) ဦးခင်မောင်ကျော်ဒင် က ပြောကြားသည်။

 

နိုင်ငံပိုင်သတင်းစာများသည် ဝါဒဖြန့်ချိသည့် လုပ်နည်းလုပ်ဟန်များကို ပြောင်းလဲပြီး အများပြည်သူအတွက် သတင်းအချက်အလက်များ အစီရင်ခံတင်ပြသည့် အနေအထားတစ်ရပ်ကို ဦးတည်ဆောင်ရွက်နေမှုတွင် သတင်းအချက်အလက်များကို မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်လည်း မြန်မြန်ဆန်ဆန်နှင့် အချိန်နှင့် တစ်ပြေးညီ တင်ဆက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဒစ်ဂျစ်တယ် သတင်းစာ (Digital Newspaper) တိုးချဲ့ထုတ်လွှင့်ရန် ကြိုးပမ်းစီစဉ်နေကြပြီကို မြင်တွေ့ရသည်။

 

အများနည်းတူ

 

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဒစ်ဂျစ်တယ် သတင်းစာသည် နိုင်ငံတော်ဘဏ္ဍာငွေကို အသုံးမပြုဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း လုံးတွင် ပုံနှိပ်မီဒီယာများ မှေးမှိန်လာပြီး Online Media များ တိုးတက်ပြောင်းလဲဆောင်ရွက်လာချိန်တွင် နိုင်ငံပိုင်သတင်းစာများအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာများနှင့်အညီ အများနည်းတူ လိုက်ပါဆောင်ရွက်လာခြင်းဖြစ်သည်။

 

''ပုံနှိပ်သတင်းစာတွေမှာ စာမျက်နှာကန့်သတ်ချက်အရ နေရာပေးဖော်ပြဖို့ ခက်ခဲတဲ့သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ မြန်ဆန်စွာထုတ်လွှင့်ဖော်ပြဖို့ ရည်ရွယ်ပြီး ဒစ်ဂျစ်တယ်သတင်းစာကို လုပ်ဆောင်နေ တာဖြစ်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံအတွင်းကသာမက တစ်ကမ္ဘာလုံးကပါ သတင်းအချက်အလက်တွေကို တစ်ပြေးညီကြည့်ရှုနိုင်မှာ။ ဒါမှလည်း အွန်လိုင်းကနေ စာဖတ်ပရိသတ်တွေတိုးလာပြီး မြန်မာနိုင်ငံဆိုင်ရာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပိုပြီးသိရှိခွင့်ရလာမှာ ဖြစ်ပါတယ်''ဟု သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ညွှန်ကြားရေးမှူး(သတင်း) တာဝန် ထမ်းဆောင်နေသူ ဦးသက်ဆွေက ပြောကြားသည်။

 

ပြည်သူ့ဆန္ဒ

 

နိုင်ငံပိုင်သတင်းစာများသည် ပြည်သူနှင့်နိုင်ငံတော် အကျိုးအတွက် ရည်ရွယ်ပြီး သတင်းမှန် ထုတ်ပြန် နိုင်ရေးကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူများ သိရှိလိုသည့် ဖြစ်စဉ်ဖြစ်ရပ် များကိုလည်း စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာကာ မျှတစွာ ဖော်ပြပေးနေသည်။ အမြင်မတူ ကွဲပြားခြားနား မှုများအပြင် ပြည်သူများ၏ လိုအပ်ချက်၊ ပြည်သူ့ဆန္ဒကို ထင်ဟပ် စေခဲ့သည်။

 

တတ်စွမ်းသမျှ

 

ပြည်သူတို့ ယုံကြည်မှုကြောင့် ယခုအချိန်အထိ အောင်မြင်နေဆဲ နိုင်ငံပိုင်သတင်းများနှင့်ပတ်သက်ပြီး ''ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ သတင်းသိရှိနိုင်ခွင့်အပေါ်မှာ တတ်စွမ်းသမျှ နည်းလမ်းတွေနဲ့ ဖြည့်ဆည်းဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်နေတဲ့ နေရာမှာ မျှော်မှန်းတဲ့ အတိုင်း အတာအထိ အောင်မြင်မှုတွေ မရသေးပေမယ့်လည်း ပြည်သူနဲ့ နိုင်ငံ့အကျိုးအတွက် အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်တယ်လို့ ယုံကြည် ပါတယ်။ ပြင်ပက ပညာရှင်တွေရော၊ မီဒီယာကရော၊ ပြည်သူကရော ကျွန်တော်တို့သတင်းစာတွေရဲ့ ဆောင်ရွက် နေမှုအပေါ် ဝေဖန်တာ၊ ထောက်ပြတာ၊ ကူညီပံ့ပိုးတာနဲ့ အကြံပေးတာတွေကိုလည်း အမြဲနားစွင့်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက်ပြုလုပ်လျက် ရှိပါတယ်''ဟု မြန်မာ့အလင်းသတင်းစာတိုက် စာတည်းမှူးချုပ်(အယ်ဒီတာချုပ်) ဦးအောင်နိုင်ဦးက ပြောကြားသည်။

 

သတင်းစာများ တိုးတက်ထုတ်ဝေလာချိန်တွင် သတင်းစာတိုက် တစ်တိုက်ချင်းအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဘက်မလိုက်မျှတပြီး ပြည်သူလူထု ယုံကြည်ကိုးစားသည့် သတင်းစာများအဖြစ် အဆင့်အတန်းရှိစွာ ရပ်တည်နိုင်ရေးသည် သတင်းစာတိုက် တစ်တိုက်ချင်းစီတွင် တာဝန်အပြည့်ရှိပြီး အစိုးရသတင်းစာများသည်လည်း အခြားပြည်တွင်းသတင်းစာများနည်းတူ သတင်းများ စုဆောင်းရယူခြင်း၊ ထုတ်နုတ်ဖော်ပြခြင်း၊ တင်ပြပုံရှုထောင့် ရွေးချယ်ခြင်း စသည့်ကဏ္ဍများတွင် အခြားပုဂ္ဂလိက သတင်းစာများ နည်းတူ ဆောင်ရွက်နေကြရခြင်းဖြစ်သည်။

 

ပြည်သူ့အကြိုက်

 

သတင်းစာဖတ်ပရိသတ်တစ်ဦးဖြစ်သူ ရန်ကင်းမြို့နယ်နေ ဦးအောင်မိုးက ''မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာနဲ့ နယူးလိုက်သတင်းစာတွေကို အရင်က လူကြီးတွေပဲ ဖတ်နေရာက အခုအချိန်မှာ လူငယ် လူရွယ်တွေနဲ့ ကလေးသူငယ်တွေပါ စောင့်ကြည့်ပြီး ဖတ်လာကြတယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေ အကြိုက်သာမက ပြည်သူ့အကြိုက်ကို ဖြစ်နေတာ''ဟု ပြောခဲ့သည်။

 

ပိုပြီးစိတ်ချယုံကြည်

 

''ပြည်သူကို မျက်နှာမူနေတဲ့ သတင်းစာဆိုတာ အမှန်တကယ် လိုအပ်နေဆဲပါ။ အစိုးရသတင်းစာတွေ မရှုံးဘူးလို့ သိရတယ်။ မထူးပါဘူး။ နာရေးပဲဖတ်တယ်ဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က အစိုးရသတင်းစာတွေကို ပြောခဲ့ကြတာပါ။ အခုအချိန်မှာ ဖတ်စရာမပါဘူး။ မဖတ်ဘူး။ ကိုင်တောင် မကြည့်ဘူးဆိုတဲ့အပြောက မဖြစ်နိုင်ပါဘူး။ လူထုအားမပေးရင် ကြော်ငြာနေတာတွေ၊ သတင်းစာ စောင်ရေတွေ ကျလာနေမှာပေါ့။ ကျွန်မကတော့ သတင်းစာတိုင်း ဖတ်တယ်။ ပုဂ္ဂလိက သတင်းစာ တွေလည်း ထွက်သမျှ အားပေးတယ်။ ဒါပေမယ့် အရေးကြီးတဲ့ နိုင်ငံရေးအဖြစ်အပျက်တွေ၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေအားလုံးကိုတော့ နိုင်ငံပိုင်သတင်းစာမှာ ပါတဲ့အခါကျမှ ပိုပြီးစိတ်ချ ယုံကြည်တယ်''ဟု ဗဟန်းမြို့နယ် တွင် နေထိုင်သည့် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းဆင့် က ပြောသည်။

ယနေ့ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေချိန်တွင် နိုင်ငံပိုင်သတင်းစာများအနေဖြင့် ပြည်သူကို ဗဟိုပြုခြင်း၊ ပြည်သူကို မျက်နှာမူခြင်း၊ ပြည်သူအတွက် သတင်းပေး နိုင်ခြင်းရှိ၊ မရှိကို အမြဲမပြတ် သုံးသပ်နေ ရမည်ဖြစ်သကဲ့ သို့ ပြည်သူကို ဦးတည်ခြင်းရှိ၊ မရှိနှင့် ပြည်သူ့အကြိုက်ဖြစ် ခြင်း၊ မဖြစ်ခြင်းကိုလည်း လေ့လာဆန်းစစ်နေရမည်ဖြစ်သည်။

ထို့ပြင် ပြည်သူ့အပေါ်ဆန့်ကျင်ခြင်း၊ ပြည်သူအတွက် နစ်နာအောင်ပြုလုပ်ခြင်းနှင့် ပြည်သူအတွက် စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်ခြင်း ရှိ၊ မရှိတို့ကိုလည်း ပြည်သူများက စောင့်ကြည့်အကြံပြုခြင်းဖြင့် ပြည်သူနှင့် အတူရှိနေမည့် နိုင်ငံပိုင်သတင်းစာများအဖြစ် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

(ခင်ရတနာ)