ဗြိတိန်၊ EU တွဲရေး၊ ခွဲရေး ပြဿနာ BREXIT

Thu, 05/18/2017 - 15:24 -- moi-admin

ကြည်သာ(ဂွ)

Brexit ဆိုတဲ့ ဝေါဟာရတစ်ခု ခုတစ်လောပေါ်ထွက်လာပြီး လူပြောသူပြောများနေပါတယ်။ ဒီဝေါဟာရက ဗြိတိန် Britain ထွက်ခွာခြင်း Exit ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ပြီး Brexit လို့ဖြစ်လာတာပါ။ EU ဆိုတဲ့ ဥရောပသမဂ္ဂနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေက ဗြိတိန်နိုင်ငံက ခွဲထွက်မယ့်ကိစ္စပါ။

ဗြိတိန်နိုင်ငံ၊ ဗြိတိသျှလူမျိုးစသည့် အခေါ်အဝေါ်များကို ရှေးခေတ်မြန်မာနိုင်ငံ လူကြီးများလက်ထက်ကပင် နားယဉ်ပါးခဲ့တယ်။ နှစ်ပေါင်းတစ်ရာကျော်ဗြိတိသျှတို့ အုပ်ချုပ်မှုလက်အောက်မှာနေခဲ့ရတော့ ကြားနေကျစကား တွေဖြစ်လာခဲ့ တာပေါ့။ ဗြိတိန်ဆိုတာ ကျွန်းငယ်ပေါင်းတစ်ထောင်ခန့်ပါရှိတဲ့ ကျွန်းစုနိုင်ငံကြီးပါ။ စုစုပေါင်းအကျယ် အဝန်းက အကြမ်းဖျင်း မြန်မာနိုင်ငံရဲ့ သုံးပုံတစ်ပုံကျော်ပဲရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကျွန်းများထဲမှာ နဝမမြောက်အကျယ်ဆုံးကျွန်းပါပဲ။

ဒီကျွန်းပေါ်မှာ အင်္ဂလိပ်လူမျိုးတွေရဲ့ အင်္ဂလန်နိုင်ငံ၊ ဝေးလ်လူမျိုးတွေရဲ့ ဝေးလ်နိုင်ငံ၊ စကော့တလန်လူမျိုးတွေရဲ့ စကော့တလန်နိုင်ငံ၊ ဗြိတိန်ကျွန်းကြီးရဲ့ အနောက်ဘက် ကပ်လျက် အိုင်ယာလန်ကျွန်းရဲ့မြောက်ပိုင်းက မြောက်ပိုင်း အိုင်ယာလန် Northen Ireland နိုင်ငံစတဲ့ နိုင်ငံလေး ခုကိုစုပေါင်းပြီး United Kingdom U.K နိုင်ငံလို့ ခေါ်တွင်သလို Great Britain လို့လည်းခေါ်ပါတယ်။ ဒီလိုပေါင်းစည်းလာတာ အနှစ်သုံးရာကျော်လာပါပြီ။ ကမ္ဘာ့စီးပွားရေးအဆင့်(၅)မှာရှိပြီး ကမ္ဘာ့စီးပွားရေးအချက်အချာ World Financial Center ဒေသအဖြစ်လည်း တည်ရှိနေပါတယ်။

ဥရောပသမဂ္ဂ (European Union - EU)လို့ခေါ်တဲ့ နိုင်ငံရေးစီးပွားရေးအဖွဲ့အစည်းကြီးဆိုတာ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ် ဒတ်ဂ်ျတွေရဲ့ဘယ်လ်ဂျီယံနိုင်ငံကသည်ဟိဂ် (The Hague) မြို့မှာကျင်းပခဲ့တဲ့ ကွန်ဂရက် Hague Congress ကစတင်သန္ဓေတည်ပြီး ၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ရောမမြို့မှာ လက်မှတ်ရေးထိုးတဲ့ Treaty of Rome စာချုပ်ကစပါတယ်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်နဲ့ အနောက်ဂျာမနီစတဲ့ နိုင်ငံခြောက်နိုင်ငံက ၁၉၅၈ ခုနှစ် ဇန်နဝါရီလမှာ စတင်ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းကြီးပါ။

ခုတော့ နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်လာတဲ့အထိ ကြီးမားလာပါပြီ။ ဒီနိုင်ငံတွေအားလုံး ပေါင်းလိုက်ရင် စတုရန်းမိုင် ၁ ဒသမ ၇၂ သန်းရှိပြီး လူဦးရေသန်း ၅၁ဝ နေထိုင်ပါတယ်။ ဒီနိုင်ငံတွေစုပေါင်းပြီး an internal single market ဆိုတဲ့ တစ်ခုတည်းသောဈေးကွက်စနစ်ကို ထူထောင်ထားပါ တယ်။ ၂ဝ၁၆ ခုနှစ် ကိန်းဂဏန်းများအရ EU ရဲ့ GDP ဟာ ဒေါ်လာ ၁၆ ဒသမ ၄၇၇ ထရီလီယံ ရှိတာမို့ ကမ္ဘာ့ GDP ရဲ့ ၂၂ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်ဆိုပါတယ်။ ဒါ့အပြင် EU ဟာ ၂ဝ၁၂ ခုနှစ်မှာ ဒေသအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကိစ္စများဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုချီးမြှင့်ခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒီလို အင်အားတောင့်တင်းတဲ့အဖွဲ့အစည်းကြီးဟာ ခုတော့ ကွဲအက်သံတွေထွက်လာပါတယ်။ ၂ဝ၁၅ ခုနှစ်က ဂရိနိုင်ငံကခွဲထွက်ဖို့ Grexit လို့အသံ ထွက်ခဲ့တယ်၊ မထွက်နိုင်ခဲ့ဘူး။ ဗြိတိန်နိုင်ငံကတော့ ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ဆန္ဒပြုသူများရဲ့ ၅၁ ဒသမ ၉ ရာခိုင်နှုန်းက မဲပေးခဲ့တာမို့ ဒီ Brexit ကိစ္စဖြစ်ပေါ်လာတော့တာပါပဲ။

ဗြိတိန်နိုင်ငံဟာ ၁၉၇၃ ခုနှစ် ဇန်နဝါရီလကစပြီး EU ထဲဝင်ခဲ့ပါတယ်။ အစိုးရဆုံးဖြတ်ချက်နဲ့ဝင်ပြီး ၁၉၇၅ ခုနှစ်မှာ ဒီလိုပဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ခဲ့တော့ EU ထဲမှာပဲဆက်နေဖို့ ၆၇ ရာခိုင်နှုန်းကျော်က ဆန္ဒပြုခဲ့တာမို့ ယနေ့အထိ နှစ်ပေါင်း ၄၄ နှစ်ကျော်နေထိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလောက်ကြာကြာနေခဲ့ပြီးမှ ခုဘာကြောင့် လူထုကခွဲထွက်ချင်ကြ တာလဲ။ EU ထဲမှာနေတဲ့ နိုင်ငံက ပြည်သူတွေဟာ EU အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ လွတ်လပ်စွာရွှေ့ပြောင်းနေ ထိုင်ခွင့်ရှိတယ်။ ဒါကြောင့်မို့ ဗြိတိန်နိုင်ငံမှာ EU အဖွဲ့ဝင်နိုင်ငံက ပြောင်းရွှေ့လာနေသူ သုံးသန်းကျော်ရှိပြီး ဗြိတိန်နိုင်ငံသားတစ်သန်းလောက်က တခြားနိုင်ငံတွေမှာ သွားနေကြတယ်။ ဒီကိစ္စကိုလည်း ဗြိတိသျှအများစုက အစာမကြေဘူး။ ဒါ့အပြင် EU ရဲ့ ရန်ပုံငွေထဲကို ပျမ်းမျှဗြိတိန်နိုင်ငံက တစ်ရက်ပေါင်ငွေသန်း ၅ဝ လောက်ထည့်ပေးနေရတယ်ပြောတယ်။ EU ထဲက ဂရိနိုင်ငံလို ကြွေးထူကျပ်တည်းတဲ့ နိုင်ငံတွေကို ဝိုင်းကူနေရ တာတွေကိုလည်း ခွဲရေးသမားတွေက မကျေနပ်ကြပါဘူး။

တကယ်တော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ လက်ရှိအာဏာရကွန်ဆာဗေးတစ်ပါတီက ဦးစီးပြုလုပ်တာပါ။ မခွဲရေးကိုတိုက်တွန်းတယ်။ တွဲရေးပေါ့။ လူထုကတကယ် ခွဲထွက်မယ့်မဲများလာတော့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ၂ဝ၁၆ ခုနှစ် ဇူလိုင်လမှာ ရာထူးကနုတ်ထွက်သွားခဲ့တယ်။ သူ့နေရာကို ပြည်ထဲရေးဝန်ကြီး Theresa May (ထရီစာမေ)က ဆက်ခံခဲ့ရတယ်။ ထရီစာမေဟာ ဗြိတိန်နိုင်ငံ သမိုင်းမှာ Iron Lady (သံမဏိလေဒီ)လို့ နာမည်ကြီးခဲ့တဲ့ မာဂရက်သက်ချာပြီးရင် ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာတာပါပဲ။ ခုကိစ္စက ခွဲရေး၊ တွဲရေးပြဿနာကြောင့် ဝန်ကြီးချုပ်ရာထူးရလာတာဖြစ်ပါတယ်၊ ဒီနှစ်ဇွန်လဆန်းမှာ ရွေးကောက်ပွဲအသစ် ပြုလုပ်ဖို့ရှိတယ်။ စစ်တမ်းကောက်ယူချက်တွေအရ ထရီဇာမေ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရဖို့များ တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ထရီစာမေဟာ ခွဲထွက်ဖို့ကိစ္စကို ရှုပ်ထွေးလှတဲ့ လုပ်ထုံးလုပ်နည်းတွေအရ ကြံ့ကြံ့ခံလုပ်နေရပါ တယ်။ ၂ဝ၁၅ ခုနှစ်က ဂရိနိုင်ငံရဲ့ Grexit နဲ့မတူပါ၊ ၂ဝ၁၅ ခုနှစ်မှာ ဂရိနိုင်ငံဟာ ကြွေးမြီထူထပ် ဝန်ပိလာနေတယ်။ သူ့ကိုဝိုင်းကယ်ရတဲ့ IMF နဲ့ ဥရောပဗဟိုဘဏ် European Central Bank (E.C.B) တို့က ဂရိနိုင်ငံဟာ ကြွေးပိမှုကရုန်းထွက်ဖို့ စည်းကမ်းတွေထုတ်တယ်။ ကြွေးမြီ နဲ့ GDP အချိုး debt and GDP ratio ကို ၂ဝ၂ဝ ခုနှစ်မှာ ၁၂၄ ရာခိုင်နှုန်း၊ ၂ဝ၂၂ ခုနှစ်မှာ ၁၁ဝ ရာခိုင်နှုန်းအထိ လျှော့ချရမယ်စတဲ့ စည်းကမ်းတွေနဲ့တင်းကျပ်တော့ Greek bailout referendum ခေါ်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်တယ်။ ဒီဆန္ဒခံယူပွဲမှာ bailout ဆိုတာကို လက်ခံခဲ့ရင် yes ပေါ့၊ အဲဒီလမ်းစဉ်အတိုင်းအကြွေးထူဘဝကထွက် အောင် စည်းမျဉ်းစည်းကမ်းတွေအောက်မှာနေကြရမှာ လက်မခံဘဲ No ဆိုရင်တော့ EU ကထွက်မယ်၊ ယူရိုသုံးစွဲ နေတာက ဂရိငွေပြန်သုံးမယ်ပေါ့။ ဂရိပြည်သူတွေက No ဘက်ကို ၆၁ ရာခိုင်နှုန်းကျော်ပေးလိုက်ကြတယ်။ အစိုးရကလည်း No ကိုပဲကြိုက်တာ ပြည်သူတွေသူတို့လိုချင်တဲ့ မဲရလို့ လမ်းပေါ်မှာ ကခုန်နေကြတယ်။ ဒါအလွန်မိုက်မဲမှုပဲ။ ကိုယ့်အသုဘအခမ်းအနားမှာ ကိုယ်ကခုန်နေကြတယ်လို့ တောင် တင်စားပြောခဲ့ကြတယ်။

ဂရိတွေရဲ့ Grexit ကိစ္စက EU ရဲ့ တင်းကျပ်တဲ့ ဘဏ္ဍာရေးစည်းကမ်းတွေကို ဂရိတွေမလုပ်နိုင်လို့ မထွက်နိုင်ခဲ့ပါ။ EU ရဲ့ ဘဏ်စည်းကမ်းစည်းမျဉ်းတွေဟာ တင့်ကား၊ ဒုံးကျည်တွေထက်ပိုပြီး အင်အားပြင်းခဲ့တယ်လို့ တောင်ပြောကြပါတယ်။ အကြွေးထူတဲ့ ဂရိတွေ Grexit မလုပ်နိုင်ခဲ့ပါဘူး။

ခုဗြိတိန်ရဲ့ Brexit ကိစ္စကတော့ တစ်မျိုးရှုပ်ထွေးပါတယ်။ ထွက်ခွာဖို့ကိစ္စဗြိတိန်တွေက စတင်ဆုံးဖြတ် တာမို့ ကွာရှင်း ခငွေ divorce bill ကတင် ဗြိတိသျှငွေပေါင်း ၅၂ ဘီလီယံပေးရမယ်လို့ EU ကပြောတယ်။ EU ထဲ ဗြိတိန်ဝင်လာတော့ European Communities Act ၁၉၇၂ အရ ဝင်လာခဲ့ရတယ်။ ခုပြန်ထွက်မယ်ဆိုရင် အဲဒီမှာပါဝင်ခဲ့တဲ့ ဥပဒေအစိတ်အပိုင်းပေါင်း တစ်သောင်းသုံးထောင်ကျော်ကို ပြန်ပြင်စရာရှိတယ်။ Great Repeal Bill ခေါ်တဲ့ EU နဲ့လုပ်ထားတဲ့ဥပဒေတွေကို ရုပ်သိမ်းပြီး အသစ်ရေးဆွဲရမယ့်ဥပဒေအသစ်ကို ဗြိတိသျှ ပါလီမန်မှာ ပြန်ရေးဆွဲတင်ပြရမယ်ဆိုတဲ့ Article ၅ဝ အရ လုပ်ရမယ့်ကိစ္စတွေက တစ်ပုံတစ်ပင်ကြီးပါပဲ။

ဝန်ကြီးချုပ်ထရီစာမေဟာ ၂ဝ၁၇ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ရုံးထိုင်နေတဲ့ ယူရိုကောင်စီဥက္ကဋ္ဌ President of European Council ဖြစ်တဲ့ ဒေါ်နယ်တပ် (Donald Tusk) ထံသို့ EU က နုတ်ထွက်မယ့်ကိစ္စကို စာမျက်နှာခြောက်မျက်နှာ ရှိတဲ့အကြောင်းကြားစာကိုပေးပို့ပြီးပါပြီ။ နောင်နှစ်နှစ် အကြာ ၂ဝ၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့အတွင်း ကွာရှင်းဖို့လုပ်ဆောင်ရမယ့် လုပ်ငန်းအစီအစဉ်တွေကို အပြီးလုပ်ရပါမယ်။ ဒီလုပ်ငန်းတွေ မပြီးသေးတဲ့အထိ EU က ထွက်လို့မရသေးပါဘူး။

မြန်မာနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီခေတ်က မြန်မာနိုင်ငံကို လွတ်လပ်ရေးမရခင် အိန္ဒိယနဲ့တွဲနေမလား၊ ခွဲနေမလားဆိုတဲ့ ကိစ္စတုန်းက တွဲရေးခွဲရေးပြဿနာက တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက်ညံခဲ့တယ်။ စာစောင်တွေ၊ ဂျာနယ်နဲ့ သတင်းစာတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ငြင်းခုံကြ၊ မိသားစုထဲမှာပင် အဖေကတွဲရေး၊ သားကခွဲရေးနဲ့ ဖြစ်ခဲ့သလိုမျိုး ခုဗြိတိန်နိုင်ငံမှာလည်း နေ့စဉ်ထုတ်၊ အပတ်စဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း ဒီအကြောင်းတွေပဲ ပြောဆိုရေးသားနေကြပါတယ်။

EU ထဲက ဗြိတိန်နုတ်ထွက်ခြင်းက အင်အားတောင့် တင်းတဲ့နိုင်ငံတစ်နိုင်ငံက ထွက်ခွာတာမို့ EU လည်း အင်အားချည့်နဲ့သွားနိုင်သလို ဗြိတိန်နိုင်ငံမှာလည်း အဓိကကုန်သွယ်ဖက်၊ စီးပွားဖက်နိုင်ငံတွေထဲက ထွက်ခွာသွားရမှာမို့ ကုန်သွယ်ရေး အကောက်ခွန်စနစ်တွေကအစ ရင်ဆိုင်ရမယ့်ပြဿနာတွေကအများကြီးပါ။ ဗြိတိန်နိုင်ငံက လန်ဒန်မြို့သားတွေရဲ့စိတ်ထဲမှာလည်း စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်တွေ ရှိနေကြတယ်။ ယခင်က ကမ္ဘာ့ဘဏ္ဍာရေး ဗဟိုဌာနလိုဖြစ်တာကြောင့် လန်ဒန်မှာ ဘဏ်ပေါင်း ၃ဝဝ ကျော်ရှိပါတယ်။ ဒီဘဏ်တွေရှိတဲ့ ရပ်ကွက်ကို မြို့တော်ဝန်တစ်ဦး သတ်သတ်အုပ်ချုပ်ပါတယ်။ လန်ဒန်မြို့တော်ဝန်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိပါဘူး။ ဒီလို အခြေအနေမျိုးက ဘဏ်တွေ နိုင်ငံတကာရုံးကြီးတွေ လန်ဒန်ကပြောင်းရွှေ့ထွက်ခွာသွားရင် ဘယ်လိုလုပ်ကြမလဲဟု တွေးပူသူက တွေးပူကြတယ်။ ခွဲထွက်ဖို့ မဲတင်းသူတွေ ကတော့လူဦးရေ ကိုးသန်းနီးပါးရှိတဲ့ လန်ဒန်မြို့ကြီးမှာ လူမျိုးပေါင်း ၂၇ဝ ကျော်ရှိတယ်။ ဒီလို ဂလိုဘယ်လိုက် ဇေးရှင်းမြို့တော်မျိုး ကမ္ဘာမှာ ဘယ်မြို့တော်မှမရှိဘူး။ ပြီးတော့ အင်္ဂလိပ်ဘာသာစကားဟာ ကမ္ဘာသုံးဘာသာ စကားဖြစ်တယ်။ ဒါကြောင့်မို့ ဗြိတိန်နိုင်ငံ လန်ဒန်က ဘဏ်တွေ၊ ရုံးတွေ မပြောင်းနိုင်ဘူး။ စသည်ဖြင့် တစ်ချိန်က နေမဝင်အင်ပါယာကို ပိုင်ဆိုင်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေရဲ့ ဇာတိပုည ဂုဏ်မာနကလည်း ရှိနေဆဲပါ။ ဝန်ကြီးချုပ် ကိုယ်တိုင်က မတ်လ ၂၉ ရက်နေ့က ပြောခဲ့တဲ့စကားမှာ ဗြိတိန်သည် EU ကခွဲထွက်တာပါ၊ တစ်ခုတည်းသော ဈေးကွက်စနစ်က ခွဲထွက်တာပါ၊ ဥရောပတိုက်က နိုင်ငံများနဲ့ ခွဲသွားတာမဟုတ်ပါဘူးဆိုတဲ့ စကားကို အကြိမ်ကြိမ် ပြောခဲ့ရတယ်။

ဘာပဲပြောပြော အိမ်ထောင်မှုဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးမပိုင်လျှင် နောင်ပြင်ရန်ခဲယဉ်းသည် ဆိုသည့်စကားအတိုင်း ဗြိတိန်သည် အနှစ် ၄၄ နှစ်ကျော် ပေါင်းသင်းခဲ့တဲ့ EU မှ ခွဲထွက်ကွာရှင်းရမည့် ကိစ္စကို ၂ဝ၁၉ ခုနှစ် မတ် ၂၉ ရက်အထိ ကာလအတွင်း ခက်ခက်ခဲခဲ ဆက်လုပ်ရမှာသာဖြစ်ပါကြောင်း။ ။

(ဧပြီလ ၁ ရက်နေ့ထုတ် The economist စာစောင်မှ Britain and European Union ဆောင်းပါး၊ ဧပြီလ ၂ဝ ရက်နေ့ထုတ် The Washington Times, ဧပြီလ ၁၂ ရက်နေ့ထုတ် The New York Time များမှ ဆောင်းပါးများနှင့် Internet new များမှ ကိုးကားပါသည်။)

(ဆက်လက်ဖော်ပြပါမည်)