ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ယဉ်ကျေးမှု ဇုန်ပြင်ဆင်ရာတွင် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်မည်

Tue, 05/16/2017 - 14:57 -- moi-admin

ညောင်ဦး မေ ၁၅

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ယဉ်ကျေးမှုဇုန် ပြင်ဆင်သတ်မှတ်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူ များ၏ အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

''ဇုန်ပြင်ဆင်သတ်မှတ်မှုနဲ့ ပတ်သက်ပြီး ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ တန့်ကြည်တောင်အထိ ဇုန်တိုးချဲ့သွား မှာဖြစ်ပါတယ်။ ဒီဘက်ခြမ်းမှာဆိုရင် ညောင်ဦးမြို့နဲ့ ပုဂံမြို့ ရှိပါတယ်။ နောက်ပြီး ကျေးရွာပေါင်း ၁၉ ရွာလောက်ရှိ ပါမယ်။ အဲဒီမြို့ရွာတွေက အခုမှ ပေါ်ထွန်းလာတဲ့မြို့ရွာတွေ မဟုတ်ပါဘူး။ ပုဂံသမိုင်းကြောင်းနဲ့အတူ စီးမျောလာ ခဲ့တဲ့ သမိုင်းကြောင်းအမွေအနှစ်တွေပဲ ဖြစ်ပါတယ်။ ဇုန် ပြင်ဆင်သတ်မှတ်တဲ့နေရာမှာ မြို့ရွာတွေ ရွှေ့ခြင်း၊ ဆောက်ပြီးသား ဟိုတယ်၊ မိုတယ်နဲ့ စားသောက်ဆိုင်တွေ ဖျက်ခြင်းလုံးဝ မလုပ်ပါဘူး။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းတဲ့အခါမှာ ဇုန်ပြင်ဆင်သတ်မှတ်တာတွေပါမယ်။ ဥပဒေပြဋ္ဌာန်းမှုတွေ ပါမယ်။ အားလုံးဟာ ဒေသခံလူထုရဲ့အကျိုးစီးပွားကို ဦးထိပ်ထားပြီး ဒေသခံတွေရဲ့အကျိုးစီးပွားကို မဆန့်ကျင် စေရဘူး။ အကျိုးစီးပွားပိုမိုဖြစ်ထွန်းတဲ့ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်ပေါ်လာစေဖို့ အတွက် ဥပဒေတွေပါရေးဆွဲ ဆောင်ရွက်မယ်။ ဒေသခံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေလည်း ထူထောင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဇုန်ပြင်ဆင်သတ်မှတ်မယ် ဆိုရင် ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ပိုမိုအကာ အကွယ်ပေးနိုင်ဖို့ အတွက်ကိုပဲ သတ်မှတ်သွားမှာပါ'' ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းများကို ၂ဝ၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် အဆိုပြုစာတွဲ(မူကြမ်း) Nomination Dossier (Draft) ကို တင်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလက်ရှိ ၆ဝ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

ယဉ်ကျေးမှုဇုန်ပြင်ဆင်ခြင်း လုပ်ငန်းများကို မန္တလေး တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဦးစီးဆောင်ရွက်လျက်ရှိပြီး ဇုန်ပြင်ဆင်ရာတွင် ဒေသခံပြည်သူ များ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံစီးပွားရေးလုပ်ငန်းများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်မှုမရှိစေဘဲ တစ်နိုင် တစ်ပိုင်စီးပွားရေး လုပ်ငန်းများဆောင်ရွက်လာနိုင်စေရေး ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ယဉ်ကျေးမှုအမွေအနှစ် များကို ပိုမိုထိရောက်စွာထိန်းသိမ်းကာကွယ်နိုင်ရေး အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာတွင် ပိုမိုထိရောက်ပြီး ပြည်သူ တို့၏ လူမှုစီးပွားဘဝ တိုးတက်စေရေး မြို့ရွာများမရွှေ့ ပြောင်းဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့ရွာသစ်များကို လည်း ဇုန်နှင့်လွတ်ကင်းသည့်နေရာများတွင် တည်ထောင် ပေးမည်ဖြစ်ကြောင်းနှင့် ဇုန်ထဲရှိ မြို့ရွာများကို လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေ ရန် ယဉ်ကျေးမှုအမွေအနှစ်ကိုမထိခိုက် စေဘဲ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို လည်း ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် အကြီးစား စက်မှု လုပ်ငန်းများကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှုနယ်မြေ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်သည့်အပြင် ဒေသ တွင်းရှိ ရိုးရာလက်မှုပညာများနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ကမ္ဘာကသိရှိလာမည်ဖြစ်သည်။

ထို့ပြင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးမှုကြောင့် နိုင်ငံခြား ဝင်ငွေပိုမိုရရှိလာခြင်း၊ များပြားလာသောပြည်တွင်းခရီးသွား ဧည့်သည်များကြောင့် ဒေသခံများ ဝင်ငွေပိုမိုရရှိခြင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသည် ကမ္ဘာပေါ်တွင်အရေးကြီးဆုံးသော ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာနေရာတစ်ခုဖြစ်ကြောင်း၊ အမွှမ်းတင် ဂုဏ်ပြုနိုင်ရန် အခွင့်အလမ်း ရရှိခြင်း၊ ပုဂံရှေးဟောင်းအမွေ အနှစ်ဒေသ၏ ရှေးဟောင်း အဆောက် အအုံများ ဒြပ်ရှိ ဒြပ်မဲ့အမွေအနှစ်များနှင့် ယဉ်ကျေးမှုသဘာဝပတ်ဝန်းကျင် တို့အား ကမ္ဘာ့အဆင့်မီ ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ ပုဂံ ဒေသရှိ အမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းရန် အတွက် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေးအထောက် အပံ့များရရှိလာခြင်းတို့ကို ရရှိစေမည်ဖြစ်ကြောင်း သိရ သည်။

Monument Zone(MZ)၊ Ancient Zone(AZ)၊ Protective Zone(PZ)ဟု ရှိရာတွင် ညောင်ဦးနှင့်ပုဂံသည်Monument Zone(MZ)ထဲတွင်ရှိပြီး MZ အတွင်းမှ Protective Zone(PZ)ထဲသို့ ပြောင်းဆွဲလိုက်မည်ဆိုပါက ပုဂံနှင့်ညောင်ဦးတို့၏ ရပ်တည်မှုသည် ပိုမိုခိုင်မာလာမည် ဖြစ်ပြီး မြို့သူမြို့သားများ အနေဖြင့်လည်း စိုးရိမ်ပူပန် ကြောင့်ကြမှုကင်းကင်းဖြင့် ဆက်လက်ရှင်သန်နိုင်မည် ဖြစ်ကြောင်း သိရသည်။

MZ နှင့် AZ ထဲတွင် ဆောက်လက်စဟိုတယ် ၂၅ လုံး၊ မဆောက်ရသေး သည့် ဟိုတယ် ၁၇ လုံးရှိပြီး ဆောက်လက်စဟိုတယ်ကို သတ်မှတ်ထား သည့်အမြင့် ပေ ၃ဝ မကျော်ရန်နှင့် ရှေးဟောင်းအဆောက်အအုံများနှင့် ပေ ၁၂ဝ အကွာ အပြင်ဘက်တွင်ရှိပါက ဆက်လက် ဆောက်ခွင့်ပြု မည်ဖြစ်ကြောင်း၊ မဆောက်ရသေးသည့် ဟိုတယ် ၁၇ လုံးကို ဆက်မဆောက်ရန်နှင့် ဟိုတယ်ဇုန် သီးသန့်သတ်မှတ်မည်ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်ကိုလည်း MZ၊ AZ တို့နှင့် ငါးကီလိုမီတာအကွာတွင် သတ်မှတ်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

(နိုင်လင်းကြည်)