စာဖတ်ခြင်း၌မွေ့လျော်စေချင်

Tue, 05/16/2017 - 15:02 -- moi-admin

မသဇင်

စာမဖတ်သောကလေးသည် သူ၏ အနာဂတ်ကမ္ဘာကို သော့ခတ်ထားသည် နှင့် တူပါသည်။ လူကြီး၊ လူကောင်း၊ ဆရာ၊ မိဘ၊ ဆွေမျိုးသားချင်းတို့က ဝိုင်း၍ ကလေးတို့၏ အနာဂတ်ကမ္ဘာ၏ တံခါးပေါက်ကို သော့ဖွင့်ထား၍ စာအုပ်ခင်းသောလမ်းပေါ်သို့ တွန်းတင်ပေးရပါမည်။

ယခုအခါ၌ စာဖတ်ခြင်း၌ မွေ့လျော်ကြမည့်အစား တောရောမြို့ပါ ဗီဒီယိုကြည့်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းအမျိုးမျိုးကစားခြင်း (ကွန်ပျူတာဂိမ်း၊ တီဗွီဂိမ်း)၊ ကာရာအိုကေသီဆိုခြင်းများ၌သာ နစ်မွန်းပျော်ပိုက်နေကြ သည်ကို အကြမ်းဖျင်းမြင်သာပါသည်။ ထုတ်ဝေသော စာအုပ်အရေအတွက်မှာ အုပ်ရေ ရာဂဏန်းမှ ထောင်ဂဏန်းကြားသာ အများအားဖြင့်ရှိကြပြီး သောင်း ဂဏန်းထုတ်နိုင်သော စာအုပ်မှာ မရှိသလောက် ရှားပါးသည်ကို ကြည့်ခြင်းဖြင့် စာဖတ်ပရိသတ်အားမှာ အားရဖွယ်မဟုတ်သေးကြောင်း သိသာပါ သည်။ လူငယ်လူရွယ်တို့ကြား စာဖတ်အား လျော့ရဲလျက်ရှိသည်မှာ မြေကြီးလက်ခတ် မလွဲပါ။

ကျောင်းနေသောအရွယ်လေးများတွင် အဘိုးအဘွားမိဘများအနေဖြင့် လည်းကောင်း၊ ကြီးဒေါ်၊ ဦးကြီး၊ ဘကြီးများအနေဖြင့်လည်းကောင်း ရင်သွေး ငယ်လေးများ စာများများဖတ်လာအောင်၊ စာဖတ်ခြင်းအလေ့၌ မွေ့လျော် တတ်လာအောင် မည်သို့ကူညီပံ့ပိုးနိုင်ကြောင်း ရေးသား တင်ပြပါရစေ။ မိဘများ၏အားပေးမှုသည် ကလေးသူငယ်တို့အတွက် ပီတိဝေဖြာလျက်၊ အားတက်လျက်ရှိသည်မှာ မိုးလေဝသခန့်မှန်းချက် အတိုင်းပြောရလျှင် ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်ဟု ဆိုရပါမည်။

''အလိမ္မာ စာမှာရှိ'' ဆိုသည့်ဆိုရိုးအတိုင်း စာဖတ်နာမှ အသိအလိမ္မာ ပါသောဘဝကို တည်ဆောက်နိုင်ပါသည်။ တိုးတက်ပြီးသောနိုင်ငံများတွင် မည်မျှပင် ပစ္စည်းကိရိယာ ဆန်းပြားဆန်းပြား၊ မည်မျှပင် ရုပ်ရှင်တွေ ကောင်းကောင်း စာအုပ်ဖတ်ခြင်းအလေ့သည်လည်း ထိုဆန်းပြား ပစ္စည်းများနှင့် အပြိုင်ပင် ဆုတ်ယုတ်ကျဆင်းသွားခြင်းမရှိသည်ကို ထူးထူးခြားခြား သတိပြုမိ ပါသည်။ မည်သည့် ကလေးစာပေ၊ လူငယ်စာပေ၊ လူကြီးစာပေမဆို၊ သောင်းချီ၍ ထုတ်နေရသည်ချည်းဖြစ်ပါသည်။ ကဏ္ဍအလိုက်၊ အမျိုးအစား အလိုက် ဝယ်အားလည်း မကျဆင်း၊ ထုတ်ဝေ အားလည်း မလျော့ရဲဘဲ တင့်တယ်မြဲ တင့်တယ်လျက် ရှိနေပါသည်။

ရှေးဦးစွာ ကျွန်ုပ်တို့၏ ရင်သွေးလေးများ အဘယ်ကြောင့် စာများများ ဖတ်သင့်သနည်းဟူသော မေးခွန်းအတွက် ဖြေစရာအချက်များကလည်း ရှိနေပါသည်။ လေ့လာကြည့်ကြပါစို့။ ကလေးများ စာဖတ်သင့်ခြင်း အကြောင်းမှာ စာဖတ်ခြင်းဖြင့် ကလေးတို့၏ကမ္ဘာကို ဗဟုသုတအသိ ဥာဏ်များ ကျယ်ပြန့် တိုးတက်စေခြင်း၊ ကလေးများ စာဖတ်ခြင်းဖြင့် ဘာသာစကား၊ စာပေ ကျွမ်းကျင်မှု၌ တိုးတက်စေခြင်း၊ စာဖတ်သော ကလေးများသည် ကျောင်းများ တွင် ပို၍ထူးချွန်ကောင်းမွန်အောင်နေနိုင်ခြင်း၊ စာဖတ်ခြင်းသည် ကလေးများ ကို ပျော်ရွှင်စေခြင်း ဟူသော အနှစ်သာ ရရှိသည့် အဖြေများကို ရရှိပါသည်။

မိမိကလေးများ၏ တစ်သက်တာတွင် စာဖတ်ခြင်းအလေ့အကျင့်ကို ရသွားစေရန် ပြုစုပျိုးထောင်ပေးရမည်မှာ မိမိမိသားစုသည်သာ အကြောင်း ရင်းခံဖြစ်ပါသည်။ လက်ဦးဆရာသည် မိနှင့်ဖသာ ဖြစ်ပါသည်။ မိမိမည်မျှ အလုပ်တွေရှုပ်၊ စိတ်တွေရှုပ် ရှိနေပါစေ၊ ခေတ္တခဏ မေ့ထားလိုက်ကြည့်ပါ။ အိမ်အလုပ်၊ စီးပွားရေးအလုပ်များကို ခဏမေ့ပစ်၍ ကလေးအတွက် အချိန် ပေးကြည့်ပါ။

အလုပ်များက သင့်ကို စောင့်နေနိုင်ပါသည်။ ကလေးက စက္ကန့်နှင့်အမျှ ဖွံ့ဖြိုးကြီးထွားလျက်ရှိနေသောကြောင့် ကလေးများက စောင့်မနေနိုင်ပါ။ သူတို့လေးတွေ ဖွံ့ဖြိုးကြီးထွားလာသောအခါ သူတို့သည် သင်ပစ်ထား၍ ညစ်ပတ်နေသော ခုံအောက်က ဖုန်မှုန့်များကိုလည်းကောင်း၊ ပန်းကန်ဆေး စင် ပေါ်မှ ပေကျံနေသော ပန်းကန်များကိုလည်းကောင်း မေ့လျော့သွားနိုင် ပါသည်။ သို့သော် သူတို့လေးတွေနှင့် အတူတကွအချိန်ပေးပြီး မိခင်က စာဖတ်ခြင်း၊ ဖခင်က စာဖတ်ပြခြင်းတို့ကိုမူ နွေးထွေးအောက်မေ့ဖွယ်ရာ အချိန်များအဖြစ် မှတ်မိနေတတ်ပြီး အမှတ်ရတိုင်းလည်း စိတ်ချမ်းမြေ့ပျော် ရွှင်မှု ခံစားနေမည် မှာ မလွဲပါ။ မိသားစုအတွင်း အချစ်ဖြင့် နွေးထွေး သိုင်းခြုံထားနိုင်သော နည်းလမ်းကောင်းလည်း မည်ပါသည်။

ကလေးတို့သည် အချိန်ကို မျှတစွာ၊ စနစ်တကျ အကျိုးရှိစွာ သုံးတတ် စေရန် မိဘများက စာဖတ်ခြင်းဆိုင်ရာ ပစ္စည်းများ ဥပမာစာအုပ်များဖြင့် အထောက် အပံ့ပေးခြင်း၊ ပံ့ပိုးပေးခြင်းအားဖြင့် စာဖတ်ခြင်း၊ အားကစား လုပ်ခြင်း၊ ကွန်ပျူတာကစားခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ သူငယ်ချင်းများနှင့် အတူနေခြင်း၊ ကျောင်းတက်ခြင်းနှင့် အခြားစိတ်ဝင်စားဖွယ်ရာတို့အကြား တွင် အချိန်ကို ညှိယူသတ်မှတ်ပေးနိုင်ပါသည်။ မျှမျှတတ ဖြစ်စေနိုင်ပါသည်။

မိသားစုပိုင်စာကြည့်တိုက်ငယ်ကို တည်ထောင်ပေးခြင်း

စာအုပ်များရှိသောအိမ်သည် နွေးထွေးခြင်း၊ နှစ်လိုဖွယ်ရာဖြစ်ခြင်းစသည့် ဖိတ်ခေါ်ချင်စရာကောင်းသည့် နေရာလေးဖြစ်လာတတ်ပါသည်။ မိသားစု စိတ်ဝင်စားစရာအကြောင်းအရာများ၊ ဝါသနာပါရာ အကြောင်းအရာများကို ထင်ဟပ်စေသည့် မိသားစုပိုင် စာကြည့်တိုက်ငယ်လေးများကို အိမ်တိုင်း၌ ရှိစေသင့်ပါသည်။ သူဌေးအိမ်များ၊ အိမ်ကြီးရာကြီးများကဲ့သို့ စာအုပ်ဗီရို အသွယ်သွယ်ဖြင့် စာဖတ်ခန်းများ သီးခြားရှိမှမဟုတ်ပါ။ စာအုပ်အစုအစည်း လေးကို သင်၏အိမ် သင့်လျော်ရာ မည်သည့်နေရာတွင်မဆို ထားသို၍ရပါ သည်။ ထားတတ်မည်ဆိုလျှင် မီးဖိုချောင်ရှိ ကြောင်အိမ်အမိုးသည် လည်းကောင်း၊ အိပ်ရာဘေးရှိ စားပွဲငယ်လေးသည် လည်းကောင်း၊ ကြိမ်ခြင်းကြားကြီးများသည် လည်းကောင်း၊ ကတ်ထူပုံးများ၊ ပလတ်စတစ်ပုံး များသည် လည်းကောင်း၊ အုတ်ခဲ များ တစ်ဖက်တစ်ချက်ပုံ၍ သစ်သားပြား များ ခင်းချ၍လည်းကောင်း စာအုပ် စင်အဖြစ်၊ စာကြည့်တိုက်ငယ်လေး များအဖြစ်လည်း ဖန်တီးတည်ထောင်၍ ရပါသည်။ သားသမီးတို့၏ စာအုပ်စင် စာဖတ်ခန်းကို ဖခင် မိခင်နှင့်အတူတကွ ပြင်ဆင်ခြင်း၊ သစ်သားတို သစ်သားစများဖြင့် စာအုပ်စင် ထူထောင်ပေးခြင်း တို့သည် ကလေးအတွက် တစ်သက်အမှတ်ရစရာဖြစ်လာပြီး မိသားစုအတွင်း နွေးထွေးသောမေတ္တာဓာတ်များ စိမ့်ပျံ့နေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ မိဘတစ်ဦးအနေဖြင့် သားသမီးကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ တင်ပို့နေ ပြီဟု ပြော၍ရပါပြီ။

စာကြည့်တိုက်လေးထားရှိပြီးနောက် မည်သည့်အချိန် စာဖတ်ကြမလဲ ဟုမေးစရာရှိလာပါသည်။ မိမိမိသားစု အဆင်ပြေရာအချိန်ကို ရွေးချယ်နိုင် ပါသည်။ မူကြိုနှင့် မူလတန်း၊ အလယ်တန်းကလေးများအတွက် အိပ်ရာဝင်ချိန် သည် အကောင်းဆုံးအချိန်အဖြစ် တင်ပြလိုပါသည်။

မိမိကလေး စာဖတ်သမားကောင်းတစ်ယောက်ဖြစ်လာရန် ကူညီပံ့ပိုးပုံ

မိမိအနေဖြင့် ရင်သွေးငယ်ကို စာဖတ်ပြရန် အချိန်ယူထားပြီ (သို့မဟုတ်) ရင်သွေးတို့ ဖတ်ပြသော စာအုပ်ကို နားထောင်ရန် အချိန်ပေးထားပြီဆိုပါက မိမိကလေးအား စာဖတ်သမားကောင်းတစ်ယောက် ဖြစ်လာစေရန် ကူညီ နေသော လမ်းကြောင်းပေါ်တွင် သင်လျှောက်နေပြီဟု ဆိုရပါမည်။ ပိုမို၍ ကူညီနိုင်ရန် ဖတ်မိဖတ်ရာ၊ မှတ်မိမှတ်ရာ၊ အကြံကောင်းများ ဝေမျှပါရစေ။

တစ်ကြောင်းစ၊ နှစ်ကြောင်းစ ဖတ်ပြပြီးသောအခါ ဝါကျကို ဆုံးအောင် ဖတ်မပြဘဲ ရပ်လိုက်ခြင်းဖြင့် ကလေးသည် သူ့ဟာသူပင် နောက်က ကပ်ပါလာ သောစာလုံးကို ဆက်ဖတ်ပါတော့သည်။ ဤသို့ဖြင့် နားထောင်သူအဖြစ်မှ ဖတ်သူအဖြစ်သို့ ဆွဲဆောင်ခေါ်လာနိုင်ပါသည်။ စာဖတ်ရင်းကလေးကို အဓိပ္ပာယ်ရှာစေခြင်း၊ ပျော်မွေ့စေခြင်း ဖြစ်လာစေ ပါသည်။ ပုံပြင်၏ တစ်နေရာတွင် စာဖြတ်ခြင်း ရပ်တန့်လိုက်ပြီး ''ကဲ ဘာဆက်ဖြစ်မယ်လို့ သားသားကထင်လဲ'' ''မီးမီးက ဘယ်လိုအဆုံး သတ်မယ်လို့ထင်လဲ''စသည်ဖြင့် ကလေး၏ ထင်မြင်ချက်ကို တောင်းကြည့် ပါ။ အဖြေရပြီးသောအခါ စာမျက်နှာဆက်လှန်ပြီး မိခင်နှင့်အတူ ဘာဖြစ်မည်ကို ရှာဖွေကြည့်ပါ။ ''ဟ သားသားတွေးတာ မှန်တယ်ဟေ့''၊ ''ဖေဖေထင်တာ မှားသွားပြီကွာ''စသည်ဖြင့် ကလေးအတွက် စိတ်ဝင်စားပြီးရင်း စိတ်ဝင်စားလာအောင် ဆွဲဆောင်၍ရပါသည်။

ကလေးတို့သည် စာကိုဖတ်သွားသော်လည်း အဓိပ္ပာယ်ကို အတိအကျ တကယ်မသိနိုင်ကြသေးပါ။ ပုံပြင်ကို နားလည်မလွယ်သောအခါ အရသာကို လည်း မခံစားတတ်ကြသေးချေ။ ထို့ကြောင့် ဆွေးနွေးချိန်ယူ၍-

''ဒီပုံလေးကို သားက ဘာလို့ ကြိုက်တာလဲ''

''ဘယ်နေရာကို အကြိုက်ဆုံးလဲ''

''ဘာလို့ ဒီလိုဖြစ်သွားရတာလဲ''

''ပုံပြင်အစတုန်းက ဘာဖြစ်ခဲ့တာလဲမှတ်မိရင် ပြန်ပြောပါဦး''

စသည်ဖြင့် အမေးအဖြေလုပ်ကြည့်ပါ။

ထို့ပြင် ကလေးများကိုလည်း အလှည့်ပေး၍ ပြောကြားပါစေ။ စကားအရာ၌ ပို၍ကြွယ်ဝလာသည်ကို တွေ့ရပါမည်။ ဖတ်ပြပြီးသောပုံပြင်ကို ကိုယ်ပိုင် စကားဖြင့် ပြောတတ်သလို ပြန်ပြောခိုင်းပါ။ ကလေးကို အိပ်ရာထဲ သွင်းပြီး မိခင်(သို့မဟုတ်) ဖခင်က ပုံပြင်ဝတ္ထုဇာတ်ကြောင်းများ ဖတ်ပြခြင်း သည် ကလေးအတွက် မကြာခင်ပင် ခေါင်းငိုက်စိုက်ကျအိပ်ပျော် သွားပြီး နွေးထွေးလုံခြုံ စိတ်ချမ်းသာစွာ အိပ်ပျော်ခြင်းအရသာကို ခံစား စေရမည် ဖြစ်ပါသည်။

စာကြည့်တိုက်လေး ထူထောင်၊ စာဖတ်ချိန်ရွေးချယ်ပြီးနောက် စာအုပ် တွေရရန် ကြံဆသောအခါ စာအုပ်တွေ ဈေးကြီးလိုက်တာဟု ညည်းမိမည်မှာ မလွဲပါ။ သို့သော် အိမ်များတွင် အဆောင်အယောင် အကြွားအဝါအဖြစ် ထားရှိသော ကက်ဆက်များ၊ စီဒီဓာတ်ပြားများ၊ စီဒီခွေများ၊ တီဗွီများနှင့် နှိုင်းယှဉ်ကြည့်စေချင်ပါသည်။ ရုပ်ရှင်လက်မှတ်၊ ပြဇာတ်လက်မှတ်၊ စတိတ်ရှိုး လက်မှတ်များ၏ တန်ဖိုးများနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ကုန်ကုန်ပြောရလျှင် မွေးနေ့ဆုမွန်ကတ်ပြားများဖြင့်ပင် နှိုင်းယှဉ်ကြည့်နိုင် ပါသည်။ အထက်ပါပစ္စည်း အားလုံး အသုံးချပြီးပါက လွှင့်ပစ်၍ရပါသည်။ စာအုပ်မှာမူ ဟောင်းသွား သော်လည်း စာမဟောင်းပါ။ မဖတ်ရသေးလျှင် သစ်မြဲသာ ဖြစ်ပါသည်။

သင့်ကလေးအတွက် စာအုပ်များကို ဝယ်ယူရန် စာအုပ်ဆိုင်များသို့ ကလေးများနှင့် အတူသွား၍ ဝယ်သင့်ပါသည်။ စာကြည့်တိုက်များကိုလည်း အချိန်ယူ၍ ကလေးများနှင့်အတူသွား၍ စာအုပ်ရွေးခြင်း၊ ငှားခြင်း၊ ပြန်အပ်ခြင်း စသည့်အလေ့အကျင့်ကောင်းကို ကလေးအား ပေးနိုင်ပါသည်။ ကလေးအတွက် စာကြည့်တိုက်သည်လည်းကောင်း၊ ရွေ့လျားစာကြည့် တိုက် သည်လည်းကောင်း ဝမ်းသာစရာ၊ အားတက်စရာများအဖြစ် ပီတိအလှလေး များ ရနိုင်အောင် မိဘကိုယ်တိုင်ကဦးဆောင်ပေးပါ။ ငှားလာသောစာအုပ်ကို ရိုသေစွာ ကိုင်တွယ်တတ်ရန် LIBRARY BAG ဟု ခေါ်သော မြန်မာ့ရိုးရာ လွယ်အိတ်လေးများ ဝယ်၍ငှားရမ်းလာသော စာအုပ်များ ယူဆောင်လာခြင်း၊ ပြန်လည်ပေးအပ်စေခြင်းစသည်ဖြင့် စည်းကမ်းကိုပါ ပေးနိုင်ပါသည်။ ''မိုးစို ကုန်မှာစိုးလို့၊ ဖုန်တက်မှာစိုးလို့ စာကြည့်တိုက်အိတ်ထဲ ထည့်သွားရမှာနော်''ဟု သင်ပြရပါမည်။ စာအုပ်လျှော့ဈေးအရောင်းပွဲတော်များသို့ ကလေးနှင့် အတူ သွားဝယ်ပါ။ လမ်းဘေးစာအုပ်ဆိုင်များသို့လည်း သွားဝယ်နိုင်ပါသေးသည်။ ယခုအခါ စာအုပ်ဈေး ပွဲတော်လေးများ လုပ်လေ့ရှိပြီး စာအုပ်အသင်းတိုက်များမှ စာအုပ်သစ်များ လျှော့ဈေးဖြင့်ရောင်းချခြင်း၊ ကိုယ်ပိုင်စာအုပ်ဟောင်းလေးများ ခုံငယ်လေးခင်း၍ ရောင်းချခြင်းစသည်ဖြင့် စာအုပ်များ တစ်ပွေ့တစ်ပိုက်၊ တစ်ပုံ တစ်ပင်ကို အလွန်တန်သောဈေးဖြင့် ဝယ်ယူရနိုင်ပါသည်။ ကျောင်းများ တွင်လည်း ခွင့်ပြုချက်ဖြင့် ကလေးစာပေ၊ လူငယ်စာပေတို့ကို ဈေးပွဲတော် လုပ်ခွင့်ရပါလျှင် ကျောင်းကို ရောင်းရငွေအပေါ် ရာခိုင်နှုန်းသတ်မှတ်လှူဒါန်း ရသဖြင့် ကျောင်းအတွက်လည်း ရန်ပုံငွေတိုး၊ စာအုပ်ချစ်သူမိဘနှင့် ကလေး များအတွက်လည်း ဈေးသက်သက် သာသာဖြင့် ကောင်းသောအလေ့အကျင့် ဖြစ်ပါသည်။ စာအုပ်ရှာဖွေဝယ်ယူရသည်မှာ ရွှေတူးနေသည်နှင့်လည်းတူ၍ ရတနာသိုက်ရှာဖွေနေသည်နှင့်လည်း တူပါသည်ဟု မိဘများကိုယ်တိုင်က ခံယူလျက် မိမိကလေးကို လမ်းကြောင်းမှန်ပေါ်တင်လိုက်နိုင်ပါသည်။

ကလေးများစာအုပ်ပိုင်ရှင်များအဖြစ် တွန်းအားပေးရာရောက်သော နည်းတစ်နည်းမှာ ဆုပေးလျှင်သော် လည်းကောင်း၊ လက်ဆောင်အဖြစ် ပေးလျှင်သော်လည်းကောင်း စာအုပ်ပေးခြင်းနည်းဖြစ်ပါသည်။ ဤနည်းဖြင့် မိမိမိသားစု၏ နိစ္စဓူဝဆောင်ရွက်ဖွယ်ကိစ္စရပ်များတွင် စာဖတ်ခြင်း၊ စာအုပ် စုခြင်းတို့ကို အလေးထားပြုလုပ် နေခြင်းသည် ကလေးအတွက် ကြီးပွား တိုးတက် ရာလမ်းကြောင်းပေါ်သို့ တွန်းတင်ပေးနေသည့်အလား ဖြစ်ပါသည်။

မိဘများအနေဖြင့် ကလေးအား အားပေးအားမြှောက်ပြု၍ မိမိဘာသာ ဖန်တီးယူသော ကိုယ်ပိုင်ပုံပြောတမ်းကိုလည်း ကစားကြည့်ပါ။ ကျောင်းတွင် တွေ့ကြုံရသော အကြောင်းအရာများကို ဖန်တီးပြောစေခြင်းသည် စာအရေး ကောင်းတစ်ယောက်၏ အလေ့ကောင်းတစ်ရပ်ကို ပြုစုပျိုးထောင်ပေးသည် နှင့်တူပါသည်။ ကိုယ်သိသူများကို ဇာတ်ကောင်များအဖြစ် ဖန်တီးပါစေ။ မိသားစုဝင်များကိုလည်း အကြံပေး၍ ထည့်သွင်းခိုင်းပါ။ ဥပမာ ''သားသားနဲ့ မေမေရယ်၊ ဖေဖေရယ်တောထဲကို ထင်းသွားခွေတော့ ကျားကြီး တစ်ကောင်နဲ့ တွေ့တယ်။ ကျားကြီးက သားသားကို ကိုက်စား မယ်ပြောတော့ ဖေဖေက မစားပါနဲ့ ကျားကြီးရယ်၊ မုန့်ပဲစားပါလို့ ကျွေးလိုက်တယ်။ ကျားကြီးက ကောင်းလိုက်တာ နောက်နေ့လည်း ယူခဲ့ပါဦးတဲ့'' စသည်ဖြင့် စိတ်ကူးစိတ်သန်း များ တိုးပွား၍ ကြံဆတတ် လာပါလိမ့်မည်။

(ဆက်လက်ဖော်ပြပါမည်။)