ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်

Thu, 01/05/2017 - 09:55 -- moi-admin

ဇန်နဝါရီ ၄၊ ၂၀၁၇

၁။ ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရာတွင် လိုက်နာရန် အချက်များ ကို နိုင်ငံခြားရေး ဝန်ကြီး ဌာနက ၂-၁-၂၀၁၇ ရက်စွဲဖြင့် အာဆီယံနိုင်ငံများ၏ သံရုံးများအား အကြောင်းကြားခဲ့သည်။

၂။ အာဆီယံနိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများပေးပို့ရာတွင် သံတမန်လမ်းကြောင်းမှတစ်ဆင့် အကြောင်းကြားပြီး မှသာ ဆောင်ရွက် ရမည်ဖြစ်သည်။

အကူအညီများရောက်ရှိချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး အခွန် ကင်းလွတ်ခွင့်၊ အကောက်ခွန်ရှင်းလင်းရေးကိစ္စရပ်များအတွက် သက်ဆိုင်သည့် ဌာနအသီးသီးနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သဖြင့် အကူအညီပေးသည့်ပစ္စည်း အမျိုးအစား၊ အရေအတွက်၊ အလေးချိန် တို့ကို ကြိုတင်အကြောင်း ကြားရန် လိုအပ်သည်။

၃။ အကူအညီများကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း ၂ ခုလုံးအား ခွဲခြားမှု မရှိဘဲပေးရန်လိုအပ်ပြီး ကူညီရေး ပစ္စည်းများ ရန်ကုန်လေဆိပ် နှင့် ဆိပ်ကမ်း များသို့ ရောက်ရှိချိန်တွင် ထိုပစ္စည်းများကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရေး အတွက် သက်ဆိုင် သည့်ဌာနများနှင့် အလှုရှင်နိုင်ငံ များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်သည်။

ရခိုင် ပြည်နယ်အစိုးရက ထိုအကူအညီများကို အသိုင်းအဝိုင်း ၂ ခုလုံး သို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကာ အလှုရှင်နိုင်ငံအနေဖြင့် ဒေသ တစ်ခု၊ သို့မဟုတ် ရွာတစ်ရွာသို့ အလှုပစ္စည်းများဖြန့်ဖြူးပေးလိုပါက ထိုနေရာများ သို့ရောက်ရှိရေးအတွက် လိုအပ်သောပေါင်းစပ် ညှိနှိုင်းမှုများ ဆောင်ရွက် သွားမည်ဖြစ်သည်။ အလှုရှင်နိုင်ငံ အနေဖြင့် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား လုပ်လိုပါက ဆောင်ရွက်ပေးမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိစေရေး အတွက် အကူအညီ ပစ္စည်းများ ပေးအပ်နိုင်မှု အခြေအနေ ကို သက်ဆိုင်ရာ သံရုံးများအား န်ိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားသွားမည်ဖြစ်သည်။

၄။ အာဆီယံနိုင်ငံများအနေဖြင့် ငွေသားဖြင့် လှုဒါန်းလိုပါ က မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ ငွေစာရင်းသို့ပေးပို့လှုဒါန်းနိုင်ပြီး ရခိုင်ပြည်နယ်သို့ လှုဒါန်းလိုသူများအနေဖြင့် ထိုအချက်များကို အလေးအနက်လိုက်နာရန် လိုအပ်သည်။ အာဆီယံနိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီ များ ပေးရာတွင် ထိုအချက်များကို အလေးအနက်ထားလိုက်နာရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေးအကြောင်းကြားထားသည်။

၅။ မြန်မာနိုင်ငံအစိုးရ၏မူဝါဒနှင့်အညီ အင်ဒိုနီးရှားနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပေးအပ်ရန် တရားဝင် အဆိုပြုကမ်းလှမ်းထားပြီး လိုအပ်သလို ဖြန့်ခွဲပို့ဆောင်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)