သတင်းထုတ်ပြန်ချက်

Sat, 07/22/2017 - 06:39 -- moi-admin

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်)

၁။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဖွဲ့စည်း စေလွှတ်ရန် ပါဝင်သော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါသည်။ အထူးအစီရင်ခံစာတင်သွင်းသူ၏ သက်တမ်းကိုလည်း တိုးခဲ့ပါသည်။

၂။ ယင်းဆုံးဖြတ်ချက်သည် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံထားပါသည်။ ထို့အပြင် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ရှုပ်ထွေးမှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ထက် ပိုမိုဆိုးရွားစေမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံက အဆိုပါဆုံးဖြတ်ချက်တစ်ခုလုံးကို ပါဝင်ပတ်သက်ခြင်းမပြုဘဲ dissociate ပြုလုပ်ခဲ့ ပါသည်။

၃။ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံ မူတစ်ခု ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက်အား ပါဝင်ပတ်သက်ခြင်း မပြုခဲ့သော်လည်း အထူး အစီရင်ခံစာ တင်သွင်းသူ၏ မြန်မာနိုင်ငံသို့ လာရောက်ရန် အဆိုပြုခရီးစဉ်ကို လက်ခံရန် သဘောတူခဲ့ ပါသည်။ လူ့အခွင့်အရေးကောင်စီမှ ချမှတ်ထားသောတာဝန်ကို၎င်းအနေဖြင့် ဆောင်ရွက်နိုင်ရန် ပံ့ပိုး ပေးခဲ့ပါသည်။

၄။ အထူးအစီရင်ခံစာတင်သွင်းသူ၏ ခရီးစဉ်အတွင်းတွင် အစိုးရကိုယ်စားလှယ်များသည် မြန်မာနိုင်ငံမှ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှုများကိုဖြေရှင်းရန် ကြိုးစားမှုများနှင့် ပတ်သက်၍ ၎င်းနှင့် ဆွေးနွေးခဲ့ပါသည်။

၅။ အဆိုပါဆွေးနွေးမှုများတွင် မြန်မာနိုင်ငံပြည်သူတို့၏ အကျိုးအတွက်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရန် အစိုးရမှကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုများကို ရှင်းလင်းစွာ ပြောကြား ခဲ့ပါသည်။ အဆိုပါရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုကျော်လွှားရန် သန္နိဋ္ဌာန်ချမှတ်ထားသည် ကိုလည်း ပြောကြားခဲ့ပါသည်။

၆။ အထူးအစီရင်ခံစာတင်သွင်းသူသည် အစိုးရကိုယ်စားလှယ် အများအပြားနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ အစိုးရကိုယ်စားလှယ်များက မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားရန် ကိစ္စ၊ မြန်မာနိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းနေမှုကိစ္စတို့ကို ဆွေးနွေးခဲ့ပါသည်။ လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့အတွက်အစိုးရမှ ဆောင်ရွက်နေမှုများကိုလည်း အထူးအစီရင်ခံစာတင်သွင်းသူအား ရှင်းလင်းပြောကြားခဲ့ပါသည်။

၇။ သို့ရာတွင် အထူးအစီရင်ခံစာတင်သွင်းသူ၏ မြန်မာနိုင်ငံခရီးစဉ်အဆုံး ထုတ်ပြန်ချက်အပေါ် မိမိတို့အနေဖြင့် စိတ်ပျက်ရပါသည်။

၈။ ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသော ပြည်တွင်းပဋိပက္ခ၊ အထီးကျန်မှုနှင့် ဖွံဖြိုးတိုးတက်မှု နောက်ကျခဲ့မှုတို့ကြောင့် ဖြစ်ပေါ်သည့် ပြဿနာများကိုဖြေရှင်းရာ၌တွေ့ကြုံရသည့် အခက်အခဲများကို အထူးအစီရင်ခံစာတင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြလိမ့်မည်ဟု မျှော်လင့်ခဲ့ပါသည်။ သို့သော် အထူးအစီရင်ခံစာတင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ယေဘုယျဆန်သောစွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များစွာပါဝင်နေပါသည်။

၉။ မြန်မာပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီစနစ်ထွန်းကားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်ရေးသည် မိမိတို့၏ပြတ်သားသော ရည်မှန်းချက်ဖြစ်ပါသည်။ အရေးပါသော ကြိုးပမ်းမှုများ ဆောင်ရွက်လျက်ရှိသော်လည်း စိန်ခေါ်မှုများစွာ ရှိနေသေးပါကြောင်းနှင့် အဆိုပါ စိန်ခေါ်မှုများကို ချက်ချင်းဖြေရှင်းနိုင်မည် မဟုတ်သည်ကို လက်ခံထားပါသည်။

၁၀။ နိုင်ငံနှင့်အဝှမ်းရေရှည်တည်တံ့သည့် ငြိမ်းချမ်းမှုရရှိရေးသည် မိမိတို့၏ ပထမဦးစားပေး ဖြစ်ပါသည်။ အားလုံးအတွက် လွတ်လပ်၍ ညီမျှသောအခွင့်အရေး၊ တရားမျှတမှုရှိရေးမူအပေါ် အခြေခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်တစ်ရပ်ကိုတည်ဆောက်ရန် အစိုးရမှ သန္နိဋ္ဌာန် ချထားပါသည်။