သတင်းကြေညာချက်

Wed, 04/12/2017 - 05:44 -- moi-admin
ပညာရေး၊ ကျေးလက်ဒေသနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တရုတ်ယွမ် တစ်ဘီလီယံအကူအညီပေးမည်
 
 
သတင်းကြေညာချက်
 
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂ဝ၁၇ ခုနှစ် ဧပြီလ ၆ ရက်မှ ၁၁ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၁-၄-၂ဝ၁၇ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
 
၂။ နိုင်ငံတော်သမ္မတဦးထင်ကျော်သည်ခရီးစဉ်အတွင်း ၁ဝ-၄-၂ဝ၁၇ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာလီခချန်း၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာကျန်းတဲ့ကျန်းတို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။
 
၃။ နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြားရှိပြီးဖြစ်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နှစ်ဖက် အဆင့်မြင့်ခေါင်းဆောင်များအကြား အပြန်အလှန်ခရီးစဉ်များ သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတို့၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နှင့် ကုလသမဂ္ဂဆိုင်ရာ မျက်နှာစာများတွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရေနံနှင့် သဘောဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
 
၄။ ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံမှ အပြုသဘောအကူအညီများ ဆက်လက်ပေးအပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် ၂+၂ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရေးတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပြီး မြန်မာ နိုင်ငံအစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် မြန်မာပြည်သူများ၏ လူမှုဘဝမြှင့်တင်ရန် ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
 
၅။ အဆိုပါတွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သဘောတူညီချက်များ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အစရှိသည့်ကဏ္ဍများအတွက် တရုတ်ယွမ်(၁)ဘီလီယံ အကူအညီပေးအပ်မည့် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာပင်လယ်ကူး သင်္ဘောသားများအား လေ့ကျင့်ရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဆေးဝါးနည်းပညာသင်တန်း ဗဟိုဌာနနှင့် ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်ရေး၊ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အစရှိသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွာ၊ သဘောတူညီချက်နှင့် စာလွှာများ စုစုပေါင်းကိုးခုတို့ကို လက်မှတ်ရေးထိုးခြင်းနှင့် ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ခရီးစဉ်အပြီး၌ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန် ကြေညာချက်တစ်ရပ်ကိုလည်း ပေကျင်းမြို့၌ ထုတ်ပြန်ခဲ့ပါသည်။
 
၆။ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း စီချွမ်ပြည်နယ်၊ ရှန်ရှီးပြည်နယ်နှင့် ရှန်ဟိုင်းမြို့တို့သို့ သွားရောက်ခဲ့ပါသည်။ ထိုသို့ သွားရောက်စဉ်အတွင်း ၆-၄-၂ဝ၁၇ ရက်နေ့တွင် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့၌ စီချွမ်ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာဝမ်ဒုံမင်းအားလည်းကောင်း၊ ရှန်ရှီးပြည်နယ်သို့ ရောက်ရှိစဉ် ၇-၄-၂ဝ၁၇ ရက်နေ့တွင် ရှန်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာဟူဟဲပင် အားလည်းကောင်း လက်ခံတွေ့ဆုံခဲ့ပါသည်။
 
၇။ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ၉-၄-၂ဝ၁၇ရက်နေ့တွင် ပေကျင်းမြို့၊ မြန်မာသံရုံး၌ မြန်မာသံရုံးနှင့်မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ) တို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံကာ နှုတ်ဆက်စကားပြောကြားခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
 
၈။ ယင်းနေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်မှ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ Huawei Technology ကုမ္ပဏီမှအကြီးအကဲ မစ္စတာကောထျန်းမင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံတကာ စာအုပ်ထုတ်ဝေရေးအုပ်စုမှ ကြီးမှူး၍ကျင်းပပြုလုပ်သည့် စာရေးဆရာကြီး မင်းသုဝဏ်၏ စာပေများအား တရုတ်ဘာသာပြန်ဆိုထားသည့် ''မင်းသုဝဏ်နှင့် တရုတ်ပြည်ရေစက်'' စာအုပ်ဖြန့်ချိထုတ်ဝေသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
 
၉။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၁၁-၄-၂ဝ၁၇ ရက်နေ့တွင် ကူမင်းမြို့သို့ ရောက်ရှိစဉ် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာချန်ဟောင်အား လက်ခံတွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း စီချွမ်ပြည်နယ်၌ လေရှန်ဗုဒ္ဓရုပ်ပွားတော်ကြီးအားဖူးမြော်ခဲ့ပြီး ရှန်ရှီးပြည်နယ်၌ ''ချင်'' မင်းဆက်၏ ရှေးဟောင်းစစ်သည်တော်များပြတိုက် Terracotta Army သို့ လေ့လာခဲ့ကာ ရှန်ဟိုင်းမြို့၌ အရှေ့တိုင်း ပုလဲတီဗွီတာဝါနှင့် အမျိုးသားပြတိုက်ကိုလည်း လေ့လာခဲ့ပါသည်။ ပေကျင်းမြို့၌ ဗုဒ္ဓမြတ်စွယ် တော်အားဖူးမြော်ခဲ့ပြီး မဟာတံတိုင်းကြီးနှင့် ရှေးဟောင်းနန်းတော်တို့သို့ လည်းကောင်း၊ ကူမင်းမြို့တွင် stone forest သို့လည်းကောင်း သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
 
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်
၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်